ဂန့်ဂေါ ၂၀ ဧပြီ
ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ထားသည့် ပြည်သူများသို့ ထုတ်ပြန်ကြေညာသည့် ပန်ကြားချက်အား ဧပြီ ၂၀ မှ ဧပြီ ၃၀ ရက် ည ၁၂ နာရီထိ ထပ်မံ၍ ဧပြီ ၁၅ ရက် နေ့တွင် ရက်တိုးမြှင့်သတ်မှတ်ရာ ပန်ကြားချက်အား ဂန့်ဂေါခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယမန်နေ့ မွန်းလွဲပိုင်းတွင် ဂန့်ဂေါမြို့ပေါ်ရပ်ကွက်များ၌ လှည့်လည်အသိပေးကြေညာသည်။
အဆိုပါ ကြေညာချက်တွင် စားသောက်ကုန်နှင့် ဆေးဝါးပစ္စည်းများ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း လုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်လုပ်ကိုင်ဆောင်ရွက်ကြရန်၊ စက်သုံးဆီအရောင်းဆိုင်များကို ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ် ရောင်းချကြရန်၊ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းများ၊ လျှပ်စစ် ဓာတ်အားပေးလုပ်ငန်းများ တည်ဆောက်ရေးလုပ်ငန်းများနှင့် ဘဏ်စသည့် လုပ်ငန်းများကို ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ဆောင်ရွက်သွားကြရန်၊ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်လိုင်းများ လေယာဉ်လိုင်းများ ပြေးဆွဲခြင်းကို ယာယီ ရပ်ဆိုင်းထားရန်၊ ဟိုတယ်၊ မိုတယ်၊ အင်းနှင့် တည်းခိုခန်း များကို ယာယီပိတ်သိမ်းထားကြရန်၊ ကစားကွင်း၊ ပန်းခြံနှင့် အများပြည်သူအပန်းဖြေသွားလာသော နေရာများကို ယာယီပိတ်ထား ရန်နှင့် ပြည်သူများကလည်း သွားရောက်လည်ပတ်ခြင်းမပြုကြရန်၊ ကျန်းမာရေးကိစ္စနှင့် နာရေးကိစ္စများမှအပ အခြားပြည်နယ်/ တိုင်းဒေသကြီးများသို့ ခရီးသွားလာခြင်းမပြုကြရန်၊ ပြည်သူများအနေဖြင့် တတ်နိုင်သမျှ မိမိနေအိမ်အတွင်း၌သာ နေထိုင်ကြရန် (Stay At Home) ၊ မလိုအပ်ဘဲ အပြင်သို့ လုံးဝမထွက်ကြရန်နှင့် မိမိနေအိမ်မှ မဖြစ်မနေထွက်ရပါက နှာခေါင်းစည်း (Mask) များ တပ်ဆင်ပြီးမှသာ အပြင်သို့ထွက်ခွါကြရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးချက်များကို အများပြည်သူအကျိုးအတွက် တိကျစွာလိုက်နာဆောင်ရွက်ပေးကြရန်တို့ ဖော်ပြပါရှိကြောင်း သိရသည်။
တောင်သားမောင်သန်း


