မကွေး ၁၅ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနဝင်းအတွင်းရှိ မြေဆီလွှာဓါတ်ခွဲခန်းမှ တိုင်းအတွင်း မြို့နယ် ၂၅ မြို့နယ်ရှိ စိုက်ပျိုးရေး လုပ်ငန်းများအတွက် မြေနမူနာ၊ ရေနှင့် ဓာတ်မြေသြဇာ ဓါတ်ခွဲစမ်းသပ်မှု ၇၄၆ ကြိမ် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြေဆီလွှာ၏ အစိုဓာတ်၊ ချဉ်ငန်ဓာတ်၊ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်၊ မက်ဂနီစီယမ်၊ ကယ်လ်စီယမ်၊ စသည့် ဓါတ်ခွဲမှုဆိုင်ရာ စမ်းသပ်မှု (၁၃)မျိုး ၊ ရေ၏ PH ချဉ်ငန်ဓာတ် နှင့် ရေပျော်ပစ္စည်းပါဝင်မှုဆိုင်ရာ စမ်းသပ်မှု (၆) မျိုး၊ မြေသြဇာဆိုင်ရာ အစိုဓါတ်၊ အာဟာရ နှင့် အော်ဂဲနစ်ဓာတ်ပါဝင်မှုဆိုင်ရာ စမ်းသပ်မှု(၈)မျိုး တို့ကို ဓါတ်ခွဲခန်းမှ စမ်းသပ်ပေးလျက်ရှိသည်။
“ စမ်းသပ်စစ်ဆေးပြီးလို့ ကိုယ်လုပ်ကိုင်တဲ့ လယ်ယာမြေ အခြေအနေကို သိပြီဆိုရင် လိုပြီး မသုံးဖြစ်တာတွေ၊ မလိုဘဲနဲ့ သွင်းအားစုတွေ အရမ်းကာရော သုံးမိတာတွေ ရှောင်ရှားလာနိုင်မယ်။ အကုန်အကျ သက်သာလာမယ်။ အနာနဲ့ဆေးတည့်ပြီး အကျိုးစီးပွားတွေ ပိုဖြစ်လာပါလိမ့်မယ် ” ဟု စိုက်ပျိုးရေးတိုင်းဦးစီးမှူး ဦးခင်မောင်ဝင်းက ရှင်းပြသည်။
၂၀၁၇ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ထိ မြေနမူနာစမ်းသပ်မှု (၆၂၄)ကြိမ်၊ စိုက်ပျိုးသွင်း ရေစမ်းသပ်မှု (၁၉) ကြိမ်၊ တောင်သူပိုင်ယာမြေနှင့် စိုက်ပျိုးရေးဆိုင်များမှ မြေသြဇာဓာတ်ခွဲမှု (၁၀၃) ကြိမ် ဆောင်ရွက်ထားကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စစ်ဆေးခကိုသာ ဓါတ်ခွဲခန်းသုံး လုပ်ငန်းများအတွက် ရယူပြီး စီမံချက်လုပ်ငန်းများတွင် အခမဲ့ စမ်းသပ်ပေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
မကွေးတိုင်း မြေဆီလွှာဓာတ်ခွဲခန်းကို အဆောက်အဦနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်း ကိရိယာများအတွက် ငွေကျပ် ၁၃၂၅ သိန်း အသုံးပြု လည်ပတ်လျက်ရှိပြီး မြန်မာနိုင်ငံ၌ ဖွင့်လှစ်ပြီးသော ဓာတ်ခွဲခန်း (၈) ခုရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။
ဇေယျတု(မကွေး)


