မကွေး စက်တင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး မကွေးမြို့၌ အခြေခံပညာ ကျောင်းပေါင်းစုံ အမျိုးသား အမျိုးသမီး အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီး အားကစားကွင်း၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား ကျောင်းသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် (၄)ချက် ရွတ်ဆိုကြကာ အ.ထ.က(ခွဲ) ဆားစည့် ကျောင်းမှဘင်ခရာအဖွဲ့နှင့် အ.လ.က အောင်စေတနာကျောင်းမှ ကျောင်းသူလေးများက ပန်းဖွားအကဖြင့် ဖျော်ဖြေတင်ဆက်ခြင်း၊ မကွေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ Fitness Exercises ကို “အာရှ မြန်မာ” သီချင်းဖြင့် သရုပ်ပြတင်ဆက်ခြင်းနှင့် အ.လ.က-ရဲကျောင်းမှ ထာဝရသစ္စာသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခြင်းများကို ကြည့်ရှုအားပေး၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အကအဖွဲ့များကို ဂုဏ်ပြုချီးမြှင့်ငွေ ပေးအပ်သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲအဖွင့်ပွဲစဉ်အဖြစ် မကွေးခရိုင်အသင်းနှင့် ပခုက္ကူခရိုင်အသင်းတို့၏ ဘောလုံးယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးကြသည်။
အဆိုပါ ကျောင်းသားအားကစားပြိုင်ပွဲကို ကျောင်းသား ကျောင်းသူ လူငယ်လူရွယ်များ ကာယ၊ ဉာဏဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးဆက်သစ်အားကစားသမားများ မွေးထုတ်ပေးနိုင်ရေး၊ တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း စည်းလုံးညီညွတ်မှု ပိုမိုခိုင်မာလာစေရေး၊ နိုင်ငံတော်အတွက် အားကိုးအားထားရသည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး တိုင်းဒေသကြီးအဆင့် အခြေခံပညာကျောင်းသား အားကစားပြိုင်ပွဲ များဖြစ်သည့် အမျိုးသား အမျိုးသမီး ဘောလုံးပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ဘတ်စကက်ဘောပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် ပြေးခုန်ပစ်ပြိုင်ပွဲများကို စက်တင်ဘာ ၂၀ ရက်မှ ၂၂ ရက်အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။
မောင်ခိုင်မင်း(ပြန်/ဆက်)


