နေပြည်တော် ဇွန် ၇

 

PDF အမည်ခံအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် ပညာရေးဆိုင်ရာရုံးဌာနများနှင့် စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ၊ လက်ပစ်ဗုံး၊ လက်လုပ်မိုင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဖောက်ခွဲခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် အနာဂတ်မျိုးဆက်သစ် လူငယ်၊ လူရွယ်များအား စာပေသင်ကြား ပြသပေးလျက်ရှိသည့် ဆရာ ဆရာမများကို အကြမ်းဖက် ခြိမ်းခြောက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည်။

 

ထိုသို့ ပြုလုပ်လျက်ရှိရာ မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကူနီကျေးရွာရှိ အခြေခံပညာ မူလတန်းကျောင်း (မူလွန်)မှ ကျောင်းအုပ်ဆရာမကြီးဖြစ်သူ ဒေါ်ရီရီထွေး အသက် ၄၆ နှစ်သည် နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာ တာဝန်များ ထမ်းဆောင်လျက်ရှိပြီး ထိုသို့တာဝန်ထမ်းဆောင် နေသည်ကို မလိုလားသော PDF အမည်ခံ အကြမ်းဖက်သမားများ က ဇွန် ၆ ရက် ကျောင်းဆင်းချိန် တွင် ကျောင်းဝင်းအတွင်းသို့ မော်တော်ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး သစ္စာမဲ့ဝန်ထမ်း (Disloyalty Civil Servant- DCS) ပြုလုပ်ခြင်း မရှိဟုဆိုကာ ကျောင်းအုပ်ဆရာမကြီးအား သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ဓားဖြင့် ရက်ရက်စက်စက် ခုတ်ဖြတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သဖြင့် သေဆုံးသွားကြောင်း သိရသည်။

 

အကြမ်းဖက်အဖွဲ့အစည်းများ အနေဖြင့် ပညာရေးဝန်ထမ်းများ အား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဇွန် ၆ ရက်အထိ အကြမ်းဖက် ကျူးလွန်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ပညာရေးဝန်ထမ်း သေဆုံးသူ ၈၀၊ ဒဏ်ရာရရှိသူ ၃၅ ဦးရှိကြောင်း သိရသည်။

 

ထိုသို့ နိုင်ငံ့ဝန်ထမ်းကောင်း ဆရာ ဆရာမများအား PDF အမည်ခံ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ ခြိမ်းခြောက်မှုများ၊ အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်မှုများကို ပြည်သူလူထုက စိတ်နှလုံးမချမ်းမြေ့ဖွယ်တွေ့မြင် ကြားသိနေရသဖြင့် အကြမ်းဖက် သမားများ၏ လုပ်ရပ်များကို လုံးဝလက်ခံနိုင်ခြင်းမရှိဘဲ ကန့်ကွက်ရှုတ်ချလျက်ရှိ ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များကလည်း လိုအပ်သော တုံ့ပြန်မှုများ ဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေး လုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်