နေပြည်တော် ဒီဇင်ဘာ ၇
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် တာဝန်ရှိသူ များသည် ယမန်နေ့နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်ရှိ ဆည်ရိုးမြေအောက်တမံနှင့် စလေချောင်း မြေအောက်တမံများကို ကြည့်ရှုစစ်ဆေးကြသည်။
ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက ဒေသတွင်းပတ်ဝန်းကျင်ရှိ မူလတူးဖော်ပြီး ရေတွင်းများ၏ မြေအောက်ရေမြင့်တက်လာမှု အခြေအနေကို လအလိုက် စောင့်ကြည့်တိုင်းတာပြီး မှတ်တမ်းထားရှိရန်၊ ချောင်းအတွင်း ရေစီးဆင်းမှုအခြေအနေကို မှတ်တမ်းတင်ထားရှိရန်၊ မြေအောက်ရေ မြင့်တက်လာမှုနှင့်အတူ ဒေသတွင်းပတ်ဝန်းကျင် မြေအောက်ရေပျံ့နှံ့မှုစသည့် အကျိုးရှိဖြစ်ထွန်းမှု အခြေအနေများကို လေ့လာသုံးသပ်ပြန်လည်တင်ပြရန် ဖြည့်စွက်ဆွေးနွေး မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် မကွေးမြို့ရှိ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ညွှန်ကြားရေးမှူး)ရုံး အစည်းအဝေးခန်းမ၌ မကွေး၊ ရေနံချောင်း၊ ချောက်လမ်းတစ်လျှောက်ရှိ စိုက်ပျိုးနိုင်ခြင်းမရှိသော ယာပျက်များကို လယ်မြေအဖြစ် ပြောင်းလဲစိုက်ပျိုးရန်၊ ပြောင်းလဲစိုက်ပျိုးနိုင်ခြင်း မရှိသည့် တောင်ကုန်းနေရာများတွင် သစ်ပင်များစိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အပေါ် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ချောက်ခရိုင်အတွင်း ဧရာဝတီမြစ်မှ ရေကိုစုပ်တင်၍ ဆိုလာစနစ် မြစ်ရေတင်စီမံကိန်းနှင့် စက်ရေတွင်း တူးဖော်ခြင်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအောက်ရှိ တာဝန်ရှိသူများနှင့် ဆွေးနွေးကြသည်။
ဆွေးနွေးစဉ် တာဝန်ရှိသူများက တင်ပြမှုများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ယာမြေမှ လယ်မြေ အဖြစ် ပြောင်းလဲဆောင်ရွက်ပြီး စပါးစိုက်ပျိုးနိုင်ခြင်းဖြင့် ဒေသဝမ်းစာဖူလုံမှုကို အထောက်အကူ ပြုနိုင်မည်ဖြစ်သောကြောင့် ၎င်းဧရိယာများတွင် ရေရရှိရေး နည်းလမ်းပေါင်းစုံဖြင့် စိုက်ပျိုးရေရရှိရေး ကြိုးပမ်း ဆောင်ရွက်ကြရန်၊ ဆောင်ရွက်ဆဲ စီမံကိန်းများကို သတ်မှတ်ဒီဇိုင်းပုံစံများအတိုင်း စနစ်တကျ မြန်မြန် တည်ဆောက်နိုင်ပါက တစ်နှစ်ပတ်လုံး စိုက်ပျိုးရေ လုံလောက်စွာ ပေးဝေနိုင်မည် ဖြစ်ကြောင်း၊ တစ်နှစ်လျှင် တစ်သီးစိုက်ပျိုးရာမှ သုံးသီး၊ သီးထပ် သီးညှပ် စိုက်ပျိုးနိုင်မည်ဖြစ်သဖြင့် သီးနှံစိုက်စွမ်းအား မြင့်မားလာစေမည်ဖြစ်ပြီး ဒေသခံတောင်သူများ၏လူမှုစီးပွားဘဝများ ဖွံ့ဖြိုတိုးတက်လာမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရန် လျာထားသည့် စီမံကိန်းများကိုလည်း တောင်သူများအတွက် အကျိုးရှိမည့်နေရာများ စိုက်ပျိုးရေ အမှန်တကယ်လိုအပ်သည့်နေရာများ ရွေးချယ်ဆောင်ရွက်နိုင်ရေး အကြံပြုဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေး ခဲ့ကြောင်းသိရသည်။
သတင်းစဉ်


