မင်းဘူး ဒီဇင်ဘာ ၁၆

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်ရှိ ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်က ကျင်းပသည်။

 

ဦးစွာ ထနောင်းတော-အိုင်းမလမ်း ကတ္တရာလမ်းသစ်မုခ်ဦးအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က လမ်းဖွင့်ပွဲတွင် ပါဝင်အားဖြည့် ကူညီဆောင်ရွက်ပေးခဲ့သော စကုမြို့ No.1 ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများပေးအပ်၍ အဆိုပါ ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

မင်းဘူး(စကု)မြို့နယ်ရှိ ထနောင်းတော-အိုင်းမ လမ်းကတ္တရာလမ်းအရှည် ၁ မိုင် ၄ ဖာလုံ၊ လမ်း အကျယ် ၁၂ ပေရှိ ကတ္တရာထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများအားလုံးကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၇၀၅ သန်းဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ကြီးကြပ်ရေးအဖွဲ့ (မကွေးတိုင်းဒေသကြီး)မှ တာဝန်ယူဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါလမ်းအား ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် မြို့နယ်အတွင်းရှိ ကျွေးရွာပေါင်း ရှစ်ရွာ၊ အိမ်ခြေပေါင်း ၁၁၁၇ အိမ်မှ လူဦးရေ ၄၈၅၀ နှင့် လမ်းအသုံးပြုသူ ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများကို များစွာအထောက်အကူပြု အကျိုးဖြစ်ထွန်းနိုင်စေမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)