ရေစကြို ၂၄ ဖေဖော်ဝါရီ
ချင်းတွင်းမြစ်အားဖြတ်သန်းကာ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးကို ဆက်သွယ်ထားသော ဆင်ဖြူရှင်တံတားကြီးပေါ်တွင် လုံခြုံရေးလျော့နည်းလျက်ရှိသဖြင့် ဆင်ဖြူရှင်တံတား လုံခြုံရေးအား ယခင်ထက် ပိုမိုကြီးကြပ်ပေးရန် မကွေးတိုင်းဒေသကြီးဘက်ခြမ်း ဆင်ဖြူရှင်တံတားအနီးရှိ ဒေသခံကျေးရွာများမှ လိုလားလျက်ရှိကြောင်း သိရသည်။
ညအချိန်တွင် ဆင်ဖြူရှင်တံတားပေါ် တိုင်အမှတ် ၇၊ ၈ နေရာများတွင် အမည်မသိ ဒေသခံများ မဟုတ်သူများမှ ဘီယာပုလင်း၊ အရက်ပုလင်းများဖြင့် မူးယစ်သောက်စားပြီး တံတားပေါ်ဖြတ်သန်းလာသူ တစ်ချို့အား ရန်ရှာခြင်း၊ တံတားပေါ် ပုလင်းများခွဲသွားခြင်းများကို မကွေးတိုင်းဒသကြီးဘက်ခြမ်းရှိ ဆင်ဖြူရှင်တံတားအနီး နေထိုင်သူ ဒေသခံများ မကြာခဏကြုံတွေ့နေရကြောင်း သိရသည်။
ထို့ပြင် အဆိုပါ အမည်မသိသူ ဒေသခံမဟုတ်သူများမှ တံတားပေါ်ဖြတ်လာသော မိန်းကလေးများထံမှ ပိုက်ဆံလုယက်ခြင်းများ ရှိနေသည်ဟုလည်း ကြားနေရသဖြင့် မကွေးတိုင်းဒသကြီးဘက်ခြမ်းမှ ဆင်ဖြူရှင်တံတားအနီး နေထိုင်သူ ဒေသခံများမှ စိုးရိမ်ပူပန်ကြလျက်ရှိ်ကြောင်း သိရသည်။
ထို့ပြင် မကြာသေးမီက ဆင်ဖြူရှင်တံတားပေါ် မိုးကြိုးလွဲတပ်ဆင်ထားသည့် ၅ ပင်လိမ်ကြေးကြိုး ဖြတ်တောက်ခိုးယူခံခဲ့ရပြီး ၁၂ လပိုင်းခန့်ကလည်း ဆင်ဖြူရှင်တံတားပေါ်မှ ရထားလမ်း ဇလီဖားတုံးပေါ်တွင် ဆေးလိပ်ပစ်ချခဲ့ခြင်းကြောင့် ရထားလမ်း ဇလီဖားတုံး မီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း ဆင်ဖြူရှင်တံတား မီးရထားလမ်း ပြုပြင်ထိန်းသိမ်းရေးအဖွဲ့ဝင် ဒုလက်ထောက်ကြီးကြပ်ရေးမှူးထံက သိရသည်။
ထို့ကြောင့် ဆင်ဖြူရှင်တံတား လုံခြုံရေးအား ယခင်ထက်ပိုမို ကြီးကြပ်ပေးရန် မကွေးတိုင်းဒေသကြီးဘက်အခြမ်းရှိ ဒေသခံများက လိုလားလျက်ရှိကြကြောင်း သိရသည်။
အိမွန်ဆွေ(ရေစကြို)


