မျက်နှာပြင်အပြည့်နဲ့ Vivo V15 Pro စမတ်ဖုန်းသစ်

၇  မတ်

 

လွန်ခဲ့တဲ့ တစ်နှစ်ကျော်က Apple ဟာ iPhone X ကို မျက်နှာပြင်အပြည့်နီးပါး (စပီကာနဲ့ ကင်မရာနေရာကလွဲရင် မျက်နှာပြင်အပြည့်ဖြစ်တဲ့)Notch ဒီဇိုင်းနဲ့ ထုတ်လုပ်ခဲ့ပြီးတဲ့နောက်မှာ မိုဘိုင်းဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီတွေဟာ ဖုန်းရဲ့ Screen  အရွယ်အစားပိုကြီးအောင် Notch    ရဲ့ အရွယ်အစားကို လျှော့ချနိုင်အောင် ထုတ်လုပ်လာကြပါတယ်။

 

ဒီတစ်နှစ်ကျော်အတွင်းမှာ ဖုန်းအသစ်တွေဟာ Notch  အရွယ်အစားတွေ ပိုသေးလာကြသလို အချို့ဖုန်းတွေမှာ စပီကာကို မျက်နှာပြင်ပေါ်ကနေ နေရာရွှေ့လိုက်ပြီး ကင်မရာတစ်ခုတည်းအတွက် နေရာယူထားတဲ့ ရေစက်ပုံ (Raindrop) Notch ဒီဇိုင်းတွေ ထုတ်လာကြပြီး အချို့ဖုန်းတွေကတော့ ဖုန်းရဲ့Screen ထဲမှာတင် ကင်မရာ ကို ထည့်ထားတဲ့ in-screen ကင်မရာတွေ သုံးလာကြပါတယ်။

 

ဖုန်းရဲ့ မျက်နှာပြင်တွေမှာ ဆယ်လ်ဖီကင်မရာအတွက် နေရာယူမှုကို နည်းသထက်နည်းအောင် လုပ်နေကြပေမယ့် လုံးဝမျက်နှာပြင်အပြည့် ထုတ်လုပ်ဖို့ကတော့ အခက်အခဲဖြစ်နေပြီး ဖုန်းထုတ်လုပ်သူတွေအဖို့ ဆယ်လ်ဖီကင်မရာကို ဘယ်နေရာမှာ ထားရမယ်ဆိုတာက ပြဿနာတစ်ခုလို ဖြစ်နေတဲ့အခြေအနေမျိုး ဖြစ်ပါတယ်။

 

နိုင်ငံတကာဈေးကွက်မှာ ဖေဖော်ဝါရီလက စတင်မိတ်ဆက်ခဲ့ပြီး မတ် ၆ ရက်မှာ စထွက်လာတော့မယ့် Vivo V15 Pro ကတော့ ဆယ်လ်ဖီကင်မရာကို ဖုန်းမျက်နှာပြင်မှာ တင်ထားမယ့်အစား ကိုယ်ထည်ထဲမှာပဲ ထည့်ထားလိုက်ပြီး ဆယ်လ်ဖီကင်မရာ ရဲ့ လုပ်ဆောင်ချက်တစ်ခုခုကို အသုံးပြုတော့မယ့်အချိန်မှာမှ ဆယ်လ်ဖီကင်မရာဟာ ဖုန်းကိုယ်ထည်ရဲ့ အပေါ်ကနေ ထွက်လာမှာဖြစ်ပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ပေါ်က ဆယ်လ်ဖီကင်မရာအတွက်နေရာကို လုံးဝဖယ်ရှားလိုက်ပြီး Full Screen အပြည့်နဲ့ထွက်လာတာလည်း ဖြစ်ပါတယ်။

 

Vivo V15 Pro ဟာ မျက်နှာပြင်အကျယ်က ၆ ဒသမ ၃၉ လက်မရှိပြီး Screen ဟာ မျက်နှာပြင်အပြည့် ဖြစ်ပါတယ်။ ရုပ်ထွက်အရည်အသွေး ကောင်းမွန်ပြီး Resolution က 1080x2316 pixels ရှိသလို Super AMOLED Screen ဖြစ်တာကြောင့် နေရောင်အောက်မှာတောင် ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးကို ရရှိမှာဖြစ်ပါတယ်။ စက်လည်ပတ်စနစ်အနေနဲ့ နောက်ဆုံးထွက် Android 9.0(Pie)  ကို Vivo Funtouch 9 UI  နဲ့ပေါင်းပြီး သုံးထားပါတယ်။ ဟာ့ဒ်ဝဲပိုင်းအနေနဲ့ Qualcomm SDM675 Snapdragon 675 Chipset ပေါ်မှာ Octa-core CPU ကို သုံးထားပြီး အင်တာနယ်မင်မိုရီကတော့ 128GB အထိ ပါဝင်ပါတယ်။ RAM ကတော့ နိုင်ငံတကာဈေးကွက်မှာ 6GB နဲ့ 8GB လို့ နှစ်မျိုးခွဲထွက်ထားပြီး ပြည်တွင်းမှာတော့ လက်ရှိအချိန်မှာ RAM 6GB ကိုသာ ပရီအော်ဒါအနေနဲ့ လက်ခံနေတာကို တွေ့ရပါတယ်။ အင်တာနယ်မင်မိုရီ 128 GB အပြင် မင်မိုရီကတ်ထပ်စိုက်သုံးရင်လည်း 256 GB အထိ ထပ်စိုက်သုံးနိုင်မှာဖြစ်ပြီး Micro SD ကတ်အတွက် အပေါက် ပါဝင်ပါတယ်။

 

ကင်မရာပိုင်းအနေနဲ့တော့ Vivo V15 Pro ဟာ ကင်မရာဖုန်းတစ်လုံးလို့ ခေါ်နိုင်တဲ့အထိ ကောင်းအောင် ပြုလုပ်ထားပါတယ်။ နောက်ကင်မရာအဖြစ် ကင်မရာ သုံးလုံး ပါတဲ့ Triple Camera  ကို သုံးထားပြီး ၄၈ မဂ္ဂါပစ်ဇယ်ရှိတဲ့ ပင်မကင်မရာနဲ့အတူ ၈ မဂ္ဂါပစ်ဇယ်(Ultrawide) ကင်မရာနဲ့ ၅ မဂ္ဂါပစ်ဇယ် (Depth Sensor) သုံးလုံးကိုတွဲသုံးထားတာကြောင့် အလင်းအမှောင် အခြေအနေအမျိုးမျိုးမှာ အကောင်းဆုံး အရည်အသွေးနဲ့ ပုံတွေကို ပရော်ဖက်ရှင်နယ်ကင်မရာအနေအထားမျိုးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဗီဒီယိုတွေကိုလည်း Full HD အရည်အသွေးနဲ့ ရိုက်နိုင်မှာဖြစ်ပါတယ်။

 

ရှေ့ဘက်က ဆယ်လ်ဖီကင်မရာကတော့ ဖုန်းကိုယ်ထည်ထဲမှာ မြုပ်ထားတဲ့ကင်မရာဖြစ်ပြီး ကင်မရာလုပ်ဆောင်ချက် တစ်ခုခုကို အသုံးပြုတော့မယ့်အချိန်မှ ထွက်လာမှာဖြစ်ပါတယ်။ ဆယ်လ်ဖီကင်မရာဟာလည်း လက်ရှိထွက်ထားတဲ့ ဖုန်းတွေအနက် ဆယ်လ်ဖီကင်မရာအကောင်းဆုံး ဖုန်းတစ်လုံးအနေနဲ့ ပါဝင်ပြီး ၃၂ မဂ္ဂါပစ်ဇယ်ရှိတဲ့ ကင်မရာကို သုံးထားပါတယ်။ ဒါကြောင့် HD     အရည်အသွေး ဓာတ်ပုံနဲ့ ဗီဒီယိုတွေရိုက်ကူးနိုင်မှာဖြစ်ပြီး ဆယ်လ်ဖီဝါသနာရှင်တွေနဲ့ ဗီဒီယိုကောလ် အသုံးပြုသူတွေအတွက် အဆင်ပြေစေမှာဖြစ်ပါတယ်။ ဖုန်းနက်ဝပ်အနေနဲ့ GSM နက်ဝပ်မှာ ဆင်းကတ်နှစ်ကတ် အသုံးပြုနိုင်ပြီး Nano Sim နှစ်ကတ် အသုံးပြုရမှာဖြစ်ပါတယ်။ မိုဘိုင်းကွန်ရက်အတွက်တော့ 4G(LTE) ကို သုံးနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ အခြားအချက်တွေအနေနဲ့ ဖုန်းပြောချိန်မှာ အသံရှုပ်ထွေးမှုတွေကို လျှော့ချပေးနိုင်မယ့် မိုက်ခရိုဖုန်းစနစ်နဲ့အတူ ကောင်းမွန်တဲ့ စပီကာစနစ်တွေ ပါဝင်ပါတယ်။ လက်ဗွေနဲ့ ဖုန်းဖွင့်တဲ့စနစ်အတွက် Finger print sensor ကတော့ ဖုန်းရဲ့Screen ထဲမှာပဲ ပါဝင်ပြီး မျက်နှာပြင်ကိုမှတ်သားပြီး ဖုန်းဖွင့်ပေးတဲ့ face unlock စနစ်လည်း ပါဝင်ပါတယ်။ ဘက်ထရီပိုင်းမှာတော့  3700 mAh ရှိတဲ့ Li-Po ဘက်ထရီနဲ့အတူအလျင်အမြန် အားသွင်းပေးနိုင်တဲ့ fast charging စနစ်လည်း ပါဝင်ပါတယ်။

 

ကိုယ်ထည်အရောင်အနေနဲ့ အပြာရောင်နဲ့ အနီရောင်နှစ်မျိုးကို ကြော်ငြာထားပြီး လက်ရှိအချိန် ပြည်တွင်းဈေးကွက် မှာတော့ RAM 8GB ကို ရောင်းချမှု မတွေ့ရ သေးဘဲ 6 GB တစ်မျိုးတည်းကိုသာ အကြိုမှာယူမှုတွေ လက်ခံနေပါတယ်။ ဈေးနှုန်းကတော့ ကျပ်ခြောက်သိန်းဝန်းကျင် ရှိပါတယ်။

 

သူရဖြိုး