ကွာလာလမ်ပူ ဇန်နဝါရီ ၇

မလေးရှားနိုင်ငံသည် နိုင်ငံအတွင်းရှိ အသက်ငါးနှစ်မှ ၁၁ နှစ်အရွယ်ကလေးငယ်များကို Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအသုံးပြုထိုးနှံပေးရန် အတည်ပြုခဲ့ကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်တွင် ပြောကြားသည်။

တတိယအကြိမ် အပိုဆောင်းထိုးနှံပေး မလေးရှားနိုင်ငံ ဆေးဝါးဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက အသက် ၁၈ နှစ်အထက် အရွယ်ရောက်ပြီးသူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးတတိယအကြိမ် အပိုဆောင်း ထိုးနှံပေးရာတွင် တရုတ်နိုင်ငံဆေးဝါးကုမ္ပဏီမှ ထုတ်လုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Cansino အား အသုံးပြုရန် အတည်ပြုထားကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီး ဂျမာလူဒင်က သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ပြောကြားသည်။

မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှုန်း အမြင့်မားဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ကြောင်းလည်း သိရသည်။ လက်ရှိတွင် မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ အများစုသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း၊ ယင်းသို့ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးစီးသည့် နိုင်ငံသားများထဲတွင် အရွယ်ရောက်ပြီးသူအားလုံး၏ ၉၈ ရာခိုင်နှုန်းနှင့် အသက် ၁၂ နှစ်နှင့် ၁၇ နှစ်အကြား အသက် အရွယ်ရှိသူအားလုံး၏ ၈၈ ရာခိုင်နှုန်းပါဝင်ကြောင်း သိရသည်။

မလေးရှားနိုင်ငံ၌ လက်ရှိတွင် အိုမီခရွန်ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ၂၄၅ ဦးရှိပြီး ယင်းအိုမီခရွန် ဗီဇပြောင်း ဗိုင်းရပ်စ်ကူးစက်ခံရသူများအနက် အများစုမှာ ဆော်ဒီအာရေဗျနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူများဖြစ်ကြောင်း မလေးရှားကျန်းမာရေးဝန်ကြီးက ပြောကြားသည်။

ကိုးကား - စီအင်န်အေ

ဘာသာပြန်-အလင်းသစ်