ဒေါက်တာကျော်(မိုးလေဝသကျောင်း)

မလက္ကာရေလက်ကြားနှင့် မလေးရှားကျွန်းဆွယ် အနီးတစ်ဝိုက်တွင် ၂၀၂၅ ခုနှစ် နိုဝင်ဘာအတွင်း ဖြစ်ပေါ်ခဲ့သော အပူပိုင်းဆိုင်ကလုန်း မုန်တိုင်း "SENYAR" ၏ ရွေ့လျားမှုပုံစံကို ၁၉၄၉-၂၀၂၅ ခုနှစ်အတွင်း မြောက်လတ္တီတွဒ် ၀-၁၀° အကြား အနောက်မှအရှေ့သို့ ရွေ့လျား ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းများ၏ သမိုင်းဆိုင်ရာ အချက်အလက်များနှင့် နှိုင်းယှဉ်လေ့လာခဲ့ပါသည်။ ဤဒေသတွင် အနောက်မှအရှေ့သို့ ရွေ့လျားသော ဆိုင်ကလုန်းများသည် အလွန်ရှားပါးပြီး ၁၉၄၉-၂၀၂၅ အတွင်းဖြစ်ပေါ်ခဲ့သော မုန်တိုင်းစုစုပေါင်း၏ ၁ ဒသမ ၉ ရာခိုင်နှုန်းသာရှိရာ ဆိုင်ကလုန်းမုန်တိုင်း "SENYAR" သည် ထူးခြားသော မုန်တိုင်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပေသည်။

အနောက်မှအရှေ့သို့ ရွေ့လျားသော မုန်တိုင်း

ဆိုင်ကလုန်းမုန်တိုင်းများသည် ယေဘုယျအားဖြင့် အရှေ့မှအနောက်သို့ ရွေ့လျားလေ့ရှိသော်လည်း တစ်ခါတစ်ရံတွင် အနောက်မှအရှေ့သို့ ရွေ့လျားသော မုန်တိုင်းများလည်း ရှိတတ်ပါသည်။ ဤဆောင်းပါးသည် ၀-၁၀° လတ္တီတွဒ်အတွင်း (အထူးသဖြင့် မလေးရှားနှင့် အနီးတစ်ဝိုက်)တွင် အနောက်မှအရှေ့သို့ ရွေ့လျားသော ဆိုင်ကလုန်းများ၏ ဂုဏ်သတ္တိများကို လေ့လာထားပြီး "SENYAR" ဆိုင်ကလုန်းမုန်တိုင်း၏ လမ်းကြောင်း၊ သက်ရောက်မှုများနှင့် ယင်းကဲ့သို့ ရွေ့လျားရခြင်း၏ ရူပဗေဒအကြောင်းရင်းများကို နှိုင်းယှဉ်သုံးသပ်ပြထားပါသည်။

ဆိုင်ကလုန်း "SENYAR" ၏ အခြေအနေ အတိုချုပ်

ဆိုင်ကလုန်း "SENYAR" (04B) သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ ဝန်းကျင်ခန့်တွင် စတင်ဖြစ်ပေါ်ခဲ့ပြီး အားကောင်းသော မုန်တိုင်းငယ် 95B မှ ကြီးထွားအားကောင်းလာခြင်းဖြစ်ပါသည်။

ဖြစ်ပေါ်ရာနေရာ။       ၎င်း၏ မူလစတင်ရာနေရာမှာ မြောက်လတ္တီတွဒ် ၃ ဒသမ ၆° နှင့် အရှေ့လောင်ဂျီတွဒ် ၉၉ ဒသမ ၉° ဝန်းကျင် (မလေးရှားရေလက်ကြားနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း) တွင် ဖြစ်သည်။ ဆိုင်ကလုန်း "SENYAR" သည် တောင်အာရှ မြောက်ကမ္ဘာခြမ်း၌ အီကွေတာနှင့် အနီးဆုံးတွင် ဖြစ်ပေါ်သော မုန်တိုင်းအဖြစ် မှတ်တမ်းဝင်သော ဆိုင်ကလုန်းများထဲမှ တစ်ခုဖြစ်လာသည်။ အကြောင်းမှာ ၂၀၀၁ ခုနှစ်က ဖြစ်ပေါ်ခဲ့သော အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်း Vamei ပြီးနောက် မလေးရှား မလက္ကာရေလက် ကြားတွင် ဒုတိယမြောက် ဖြစ်ပေါ်ခဲ့သော ဆိုင်ကလုန်းဖြစ်သောကြောင့် ဖြစ်ပါသည်။

လမ်းကြောင်း။ မုန်တိုင်းသည် မူလအစတွင် အရှေ့ဘက်သို့ ရွေ့လျားပြီး အင်ဒိုနီးရှားနိုင်ငံ ဆူမတြားကျွန်း၏ အနောက်မြောက် ကမ်းရိုးတန်းသို့ လာရောက်တိုက်ခတ်ခဲ့သည်။ ထို့နောက် မလေးရှား ရေလက်ကြားဘက်သို့ ပြန်လည်ရွေ့လျားပြီး "Deep Depression" အဆင့်သို့ ကျဆင်းသွားခဲ့ပါသည်။

သက်ရောက်မှုများ။ "SENYAR" ဆိုင်ကလုန်းသည် ပြင်းထန် သော မိုးရွာသွန်းမှု၊ အားကောင်းသော လေပြင်းများ၊ ရေကြီးမှုများနှင့် မြေပြိုမှုများကို ဖြစ်ပေါ်စေခဲ့သည်။ အင်ဒိုနီးရှား (ဆူမတြားနှင့် အာချေး ဒေသ)၊ မလေးရှား(ကွာလာလမ်ပူအပါအဝင် အနောက်နှင့် အလယ်ပိုင်းဒေသများ)နှင့် ထိုင်းနိုင်ငံတို့တွင် လူအများအပြား သေဆုံးခြင်းနှင့် အိုးမဲ့အိမ်မဲ့ဖြစ်ခြင်းများ ရှိခဲ့သည်။

 ဆိုင်ကလုန်း "SENYAR" နှင့် သမိုင်းအချက်အလက်ဒေတာများ နှိုင်းယှဉ်ချက်

မုန်တိုင်းများ၏ သမိုင်းဆိုင်ရာ ဒေတာအချက်အလက်များအရ မြောက်လတ္တီတွဒ် ၀-၁၀° ဒေတာတွင် အနောက်မှအရှေ့သို့ ရွေ့လျားသော ဆိုင်ကလုန်းများ၏ ပျမ်းမျှဖြစ်ပေါ်ရာနေရာမှာ အရှေ့လောင်ဂျီ တွဒ် ၉၇ ဒသမ ၉° နှင့် မြောက်လတ္တီတွဒ် ၆ ဒသမ ၄° ဖြစ်ပြီး မလေးရှားကျွန်းဆွယ်၏ အနောက်ဘက်ပင်လယ်ပြင်နှင့် နီးကပ် သည်။ "SENYAR" ဆိုင်ကလုန်းမုန်တိုင်း၏ မူလအနေအထား (အရှေ့ လောင်ဂျီတွဒ် ၉၉.၉° နှင့် မြောက်လတ္တီတွဒ် ၃.၆°) သည် ဤပျမ်းမျှ နေရာနှင့် လတ္တီတွဒ်အားဖြင့် အနည်းငယ်ပို၍ တောင်ဘက်သို့ ရောက်ရှိ နေပြီး သမိုင်းတွင်ရှားပါးသည့် အနိမ့်ပိုင်း အီကွေတာအနီးလတ္တီတွဒ် တွင် ဖြစ်ပေါ်မှုနှင့် ကိုက်ညီသည်။ ယင်း၏ အရှေ့ဘက်သို့ ရွေ့လျားမှုသည်လည်း သမိုင်းမှတ်တမ်းများအရ ပျမ်းမျှတွက်ချက်ထားသော အနောက်မှအရှေ့သို့ရွေ့လျားသော ဆိုင်ကလုန်းများ၏ လမ်းကြောင်းနှင့် ဆင်တူသည်။

သမိုင်းဆိုင်ရာ အချက်အလက်များအရ အနောက်မှအရှေ့သို့ ရွေ့လျားသော ဆိုင်ကလုန်းများသည် ဆောင်းရာသီ (ဒီဇင်ဘာ-ဖေဖော်ဝါရီ)တွင် ၅၇ ဒသမ ၁ ရာခိုင်နှုန်းနှင့် ဆောင်းဦးရာသီ (စက်တင်ဘာ-နိုဝင်ဘာ) တွင် ၄၂ ဒသမ ၉ ရာခိုင်နှုန်းခန့် ဖြစ်ပေါ်လေ့ ရှိသည်ကို တွေ့ရသည်။ "SENYAR" ဆိုင်ကလုန်းမုန်တိုင်းသည် နိုဝင်ဘာလတွင် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ဤရာသီအလိုက် ဖြစ်ပေါ်မှုပုံစံနှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရသည်။

သမိုင်းဆိုင်ရာ အချက်အလက်များအရ အနောက်မှအရှေ့သို့ ရွေ့လျားသော ဆိုင်ကလုန်းများသည် "Deep Depression" (၃၄ - ၄၇ knots) အဆင့်တွင် ၅၇ ဒသမ ၁ ရာခိုင်နှုန်းခန့် ရှိပါသည်။ "SENYAR" ဆိုင်ကလုန်းသည် လမ်းကြောင်းတစ်လျှောက် "Deep Depression" အဆင့်သို့ ကျဆင်းသွားခဲ့သော်လည်း မလေးရှားဒေသအတွက် မှတ်တမ်းတင်ထားသော အပြင်းထန်ဆုံးမုန်တိုင်းတစ်ခုအဖြစ် သတင်း များက ဖော်ပြခဲ့သည်။ ဤအချက်သည် ဆိုင်ကလုန်း၏အဆင့်သာမက ၎င်း၏ ဖြတ်သန်းရာဒေသ (မြို့ပြကျေးရွာများ စုစည်းရာနေရာ)နှင့် ယူဆောင်လာသော မိုးရွာသွန်းမှုပမာဏသည်လည်း ပျက်စီးဆုံးရှုံးမှုကို ဆုံးဖြတ်ကြောင်း ညွှန်ပြနေသည်။

အနောက်မှအရှေ့သို့ ရွေ့လျားရခြင်း၏ ရူပဗေဒအကြောင်းရင်းများ

ယေဘုယျအားဖြင့် ဆိုင်ကလုန်းများသည် အီကွေတာမြောက်ဘက် တွင် များသောအားဖြင့် အရှေ့လေစီးကြောင်း (Easterlies)နှင့် အနောက်လေစီးကြောင်း (Westerlies) ကြားရှိ လှိုင်းထကြွမှုများ (Rossby Waves)၏ သက်ရောက်မှုကြောင့် အရှေ့မှ အနောက်သို့ (များသောအားဖြင့် အနောက်မြောက်သို့) ရွေ့လျားလေ့ရှိပေသည်။ သို့ရာတွင် "SENYAR" ကဲ့သို့သော ဆိုင်ကလုန်းများ အနောက်မှအရှေ့သို့ ရွေ့လျားရခြင်းမှာ အောက်ပါအချက်များကြောင့် ဖြစ်နိုင်သည်-

၁။       အားနည်းသော လေပိုင်းဆိုင်ရာ ဦးတည်ချက်(Weak Stee-ring Flow)။ အီကွေတာအနီးရှိ ကိုရီးယိုးလစ်ခေါ် မြေလည်လေတိမ်း အားများ (Coriolis Force)အားနည်းပြီး လေထုအထက်ပိုင်းရှိ မုန်တိုင်းအားရွေ့လျားစေမည့် အထက်လေစီးကြောင်းများ (Upper-level winds)များ အားနည်းနေသောအခါ ဆိုင်ကလုန်းအား ဦးတည်ရွေ့လျား စေသည့်အားသည် အားနည်းနေတတ်သည်။ ဤသို့ဖြင့် မုန်တိုင်းသည် ပတ်ဝန်းကျင်ရှိ လေဖိအားစနစ်များ (ဥပမာ - အနီးအနားရှိ မြေပြင် လေဖိအားမြင့်ရပ်ဝန်း သို့မဟုတ် လေဖိအားနည်းရပ်ဝန်းများ)၏ ဆွဲငင်မှုကို ပိုမိုခံရပြီး ပုံမှန်မဟုတ်သော လမ်းကြောင်းသို့ ရွေ့လျားတတ်သည်။

၂။       အနီးအနားရှိ လေဖိအားစနစ်များ၏ သက်ရောက်မှု (Influence of Nearby Pressure Systems)။ အနီးအနားရှိ လေဖိအား များ/အားနည်းရပ်ဝန်းများ၏ တည်နေရာသည် မုန်တိုင်းကို အရှေ့ဘက်သို့ တွန်းပို့နိုင်သည်။ ဥပမာအားဖြင့် "SENYAR" ဖြစ်ပေါ်ချိန်တွင် မုန်တိုင်း၏ မြောက်ဘက်တွင် လေဖိအားများရပ်ဝန်း (တိဗက်ပေါ်ရှိ လေဖိအားများရပ်ဝန်း)တစ်ခု အားကောင်းလျက်ရှိနေပေသည်။ မုန်တိုင်းသည် ထိုစနစ်၏ တောင်ဘက်အစွန်းရှိ အရှေ့မှ အနောက်သို့ ရွေ့လျားနေသော လေစီးကြောင်းအတိုင်း လိုက်ပါရွေ့လျားခြင်း ဖြစ်နိုင်သည်။

၃။      မုန်တိုင်း၏အတွင်းပိုင်း စွမ်းအင်နှင့် ဖွဲ့စည်းတည်ဆောက်ပုံ (Internal Storm Dynamics and Structure)။ ဆိုင်ကလုန်းမုန်တိုင်းတစ်ခု၏ ရွေ့လျားမှုသည် ယင်း၏ ကိုယ်ပိုင်လည်ပတ်မှု အင်အားစုများ (Vorticity)နှင့် အပူဗဟိုချက် (Warm Core)တို့၏ ပြန်လည်ဖြန့်ဖြူးမှု အပေါ်လည်း မူတည်သည်။ အီကွေတာအနီးတွင် ဤဖြစ်စဉ်များသည် ပုံမှန်မဟုတ်သော ရွေ့လျားမှုကို ဖြစ်ပေါ်စေနိုင်သည်။

၄။       မြေပြင်အနေအထား (Topography)။ မလေးရှားကျွန်းဆွယ်၊ ဆူမတြားကျွန်းတို့၏ မြေမျက်နှာသွင်ပြင် (တောင်တန်းများ) သည် လေစီးကြောင်းများကို ကွေးညွှတ်စေပြီး မုန်တိုင်းလမ်းကြောင်းကို အနည်းငယ်ပြောင်းလဲစေနိုင်သည်။ "SENYAR" သည် ဆူမတြားကျွန်း သို့ ကမ်းတက်ပြီးနောက် မလေးရှားရေလက်ကြားဘက်သို့ ပြန်လှည့်ခဲ့ခြင်းသည် ဤမြေပြင်အနေအထား၏ သက်ရောက်မှုကို ဖော်ပြနေသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ လမ်းကြောင်းနှင့် ပြင်းအားကို နာရီအလိုက် စောင့်ကြည့်သုံးသပ်ရန် လိုအပ်

"SENYAR" ဆိုင်ကလုန်းမုန်တိုင်းသည် မလေးရှားနှင့် အနီးတစ်ဝိုက်တွင် ဖြစ်ပေါ်လာသော ရှားပါးသည့် အနောက်မှအရှေ့သို့ ရွေ့လျားသော ဆိုင်ကလုန်းတစ်ခုဖြစ်သည်။ ယင်း၏ ပုံမှန်မဟုတ်သော လမ်းကြောင်းသည် အားနည်းသော ဦးတည်လေစီးကြောင်းများ၊ အနီးအနားရှိ လေဖိအားစနစ်များ၏ သက်ရောက်မှုနှင့် မြေပြင်အနေအထားတို့ကြောင့် ဖြစ်နိုင်ပါသည်။ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များနှင့်အတူ ဤကဲ့သို့သော ရှားပါးသည့်မုန်တိုင်းများ ပိုမိုဖြစ်ပေါ်လာနိုင်ခြေရှိသည်ဟု ယူဆရပါသည်။

ထို့ကြောင့် ဒေသခံများအနေဖြင့် မုန်တိုင်းသတိပေးချက်များကို ဂရုတစိုက်နားထောင်ပြီး လိုအပ်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်ထားရန် အရေးကြီးပါသည်။ ဆိုင်ကလုန်းမုန်တိုင်း၏ လမ်းကြောင်းနှင့် ပြင်းအားကို နာရီအလိုက် စောင့်ကြည့်သုံးသပ်ရန် လိုအပ်သည်။ ပြောင်းလဲ လာသော ရာသီဥတုဖြစ်စဉ်များနှင့်အတူ အီကွေတာ အနီးဒေသများ တွင်လည်း ဆိုင်ကလုန်းစောင့်ကြည့်ရေးစနစ်များ ပိုမိုအားကောင်းလာစေရန် လိုအပ်နေကြောင်း တင်ပြအပ်ပါသည်။

ဒေတာအရင်းအမြစ်-

International Best Track Archive for Climate Stewardship (IBTrACS) project. (2023). ibtracs.ACTIVE.list.v04r01.csv [Data set]. NOAA National Centers for Environmental Informa-tion. https://www.ncei.noaa.gov/products/international-best-track-archive

ဒေတာအသုံးပြုမှု ကိုးကားချက်-

Knapp, K. R., Kruk, M. C., Levinson, D.H., Diamond, H. J., & Neumann, C. J.(2010). The International Best Track Archive for Climate Stewardship(IBTrACS). Bulletin of the American Meteorological Society, 91(3), 363–376. https://doi.org/10.1175/2009 BAMS2755.1