မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ်ပွဲစဉ်(၄)အဖြစ် နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာ ဒေါ့မွန်အသင်းကို လေးဂိုး-ဂိုးမရှိနဲ့အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ မန်စီးတီးအသင်းအတွက် သွင်းဂိုးတွေကို ဖီးလ်ဖိုဒန်ကနှစ်ဂိုး၊ ဟာလန်းကတစ်ဂိုးနဲ့ ချာကီက တစ်ဂိုးအသီးသီးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းတိုက်စစ်မှူး ဟာလန်းအနေနဲ့ အသင်းဟောင်း ဒေါ့မွန်အသင်းဘက်ကို သွင်းယူပေးခဲ့တဲ့ သွင်းဂိုးတစ်ဂိုးအပါအဝင် အခုဘောလုံးရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုး ၂၇ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒေါ့မွန်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံလိဂ်ပွဲစဉ်(၄)အပြီးမှာ သုံးပွဲနိုင်၊ တစ်ပွဲသရေ ရမှတ် ၁၀ မှတ်ဖြင့် ရှုံးပွဲမရှိစံချိန်နဲ့အတူ အမှတ်ပေးဇယားအဆင့်(၄)နေရာ တက်လှမ်းခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးမှာတော့ ဘိုင်ယန်မြူးနစ်အသင်း၊ အာဆင်နယ်အသင်းနဲ့ အင်တာမီလန်အသင်းတို့က လေးပွဲကစား လေးပွဲစလုံး အနိုင်ရရှိကာ ရမှတ် ၁၂ မှတ်စီဖြင့် အဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃) အသီးသီး ရပ်တည်နေတာဖြစ်ပါတယ်။
ဒေါ့မွန်အသင်းကတော့ မန်စီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်အမှတ်ပေးဇယား အဆင့် (၁၄) နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အခြားသော ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ ဂါလာတာစာရေးအသင်းက အေဂျက်အသင်းကို သုံးဂိုး-ဂိုးမရှိ၊ လေဗာကူဆင်အသင်းက ဘင်ဖီကာအသင်းကို တစ်ဂိုး-ဂိုးမရှိ၊ အင်တာမီလန်အသင်းက ကိုင်ရက်အသင်းကို နှစ်ဂိုး-တစ်ဂိုး၊ အတ္တလန္တာအသင်းက မာဆေးလ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ ပါဖို့စ်အသင်းက ဗီလာရီးယဲလ်အသင်းကို တစ်ဂိုး-ဂိုးမရှိ၊ နယူးကာဆယ်အသင်းက ဘီဘာအိုအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ကာရာဘတ်နဲ့ ချယ်လ်ဆီးပွဲစဉ်မှာ တစ်ဖက်နှစ်ဂိုးစီသရေ၊ ကလပ်ဘရုဂ်ျနဲ့ ဘာစီလိုနာတို့ပွဲစဉ်မှာ တစ်ဖက်သုံးဂိုးစီ သရေရလဒ်အသီးသီးထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။
ငွေကြယ်


