မန်းစည်ပင်၏ ဝက်မွေးမြူရေးလုပ်ငန်း အမြတ်ငွေနည်းပါးသဖြင့် ဆက်လက်လုပ်ကိုင်ရန် မသင့်ဟုဆို

မန္တလေး ၂ မေ

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ဝက်မွေးမြူရေးလုပ်ငန်းသည် အမြတ်ငွေ အလွန်နည်းပါးသဖြင့် ဆက်လက်လုပ်ကိုင်ရန် မသင့်ကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဒေသန္တရ အရအသုံးငွေစာရင်းနှင့် ဘဏ္ဍာရေးဆိုင်ရာကော်မတီ၊ ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ ဦးအောင်ကြည်က ပြောသည်။

ယနေ့ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော် ၁၃ ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန၊ အဖွဲ့အစည်းများ၏ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေ ငွေစာရင်း လျာထားချက် အဆိုနှင့်ပတ်သက်ပြီး အစီရင်ခံစာကို လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်က ဖတ်ကြားတင်သွင်းရာမှာ အခုလိုပြောခဲ့ခြင်းဖြစ်သည်။

‘ဝက်မွေးမြူရေးလုပ်ငန်းအနေဖြင့် အမြတ်ငွေအလွန်နည်းပါးနေသဖြင့် လုပ်ငန်းကို ဆက်လက် လုပ်ကိုင်ရန် မသင့်ပါ။ ရင်းနှီးရသည့်ငွေပမာဏနှင့် လုပ်သားလုပ်အားခများ နှိုင်းယှဉ်ပါက အမြတ်ငွေမှာ အလွန်ပင်နည်းပါးပါသည်’ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ကပြောသည်။

အဆိုပါဝက်မွေးမြူရေးလုပ်ငန်းအား ၂၀၁၉- ၂၀၂၀ ဘတ်ဂျက်တွင် မှာယူထားပြီဖြစ်သည့်အတွက် ၂၀၂၀ -၂၀၂၁ ဘတ်ဂျက်မှစပြီး မွေးမြူခြင်းများ ဆက်လက်လုပ်ကိုင်ရန် မသင့်ကြောင်းအကြံပြု ပြောကြားသည်။

ထို့အပြင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ စက်ရုံနှင့်မော်တော်ယာဉ်ဌာန စက်သုံးဆီ အသုံးစရိတ်တောင်းခံရာတွင် လွဲမှားမှုများကိုတွေ့ရှိရခြင်း၊ ဌာနများ၏ လျာထားဘတ်ဂျက် တောင်းခံမှုများတွင် ရှင်းလင်းချက်များအား စနစ်တကျဖော်ပြထားမှုမရှိခြင်း၊ လမ်းများ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများ အတွက် တောင်းခံရာတွင် အသေးစိတ်ဖော်ပြမှု မရှိဘဲ စုပေါင်းဖော်ပြထားခြင်းများရှိကြောင်း သိရသည်။

ပြည်သူများ၏ အခွန်အခများ လေလွင့်နည်းပါးစေရန် ဘတ်ဂျက်ချထားရာတွင် ဌာနအသီးသီးနှင့် တွေ့ဆုံမေးမြန်းစိစစ်ပြီးမှ ချထားပေးသလို၊ ခွင့်ပြုပြီးဘတ်ဂျက်များအား သုံးစွဲရာတွင် လုပ်ငန်းများ မှန်ကန်စေရေး၊ အရည်အသွေးပြည့်မီရေးအတွက် လွှတ်တော်ပူးပေါင်းကော်မတီ အနေဖြင့် ကွင်ဆင်းစိစစ်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အိမို့မို့ခိုင်