မင်းဘူး ၂၀ ဖေဖော်ဝါရီ
မင်းဘူး(စကု)မြိ်ု့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာ ၆၄ အုပ်စုနှင့် မန်းရေနံမြေနယ်မြေမှ မသန်စွမ်းသူများအား ထောက်ပံ့ကြေးငွေ ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ရုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
မသန်စွမ်းသူ ၆၁၉ ဦးအား တစ်ဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် ထောက်ပံကြေးငွေ ၁၈၅ ဒသမ ၇ သိန်းအား မသန်စွမ်းသူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားတွင် မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မသန်စွမ်းသူများ၏ဘဝ တစ်စထက်တစ်စ ဖွံ့ဖြိုးတိုးတက်ကြပါစေကြောင်း ဆုတောင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေက အမှာစကားပြောကြားခဲ့ပြီး မင်းဘူးခရိုင်တာဝန်ခံ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်မမငယ်က မသန်စွမ်းထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မင်းဘူး(စကု)မြို့နယ်အတွင်းမှ မသန်စွမ်းသူများအား မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ မင်းဘူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံနှင့် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး ဒေါ်မမငယ်တို့က တစ်ဦးချင်းလက်ဝယ်အရောက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ဇေယျတု(မကွေး)


