မင်းဘူး  ၁၀  ဖေဖော်ဝါရီ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ တောင်သူများ၏ စိုက်ပျိုးမြေဧက ၉၆၃ ကျော်မှ လယ်ယာထုတ်ကုန်များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့် ဈေးကွက်သို့ သယ်ပို့ပေးနိုင်ရေး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ကုန်ထုတ်လမ်း (၄)လမ်း ဖောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။ 

 

mdn

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် “က” အဆင့်ဝင်လမ်းနှင့် “ခ” အဆင့်ဝင်လမ်း စာရင်းတွင် ပါဝင်ခြင်းမရှိဘဲ ကျေးလက်နေပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားစီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်/ထွက်ကုန်များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့် လျင်မြန်စွာ ရောက်ရှိစေရန် သယ်ပို့ပေးနိုင်မည့် ဆိပ်ခံသွားလမ်း အပါအဝင် အထောက်အကူပြုလမ်းများ၊ ခေတ်မီစက်မှုလယ်ယာ အတွင်းရှိလမ်းများ၊ ရေကျော်၊ မြောင်းကူးတံတားနှင့် ဆိပ်ခံတံတားများကို ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်မှစ၍ ကျေးလက် ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ မင်းဘူးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောသည်။ 

 

mdn

 

“ကျွန်တော်တို့ မင်းဘူးခရိုင်အတွင်းမှာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာတော့ မင်းဘူးမြို့နယ် ကုလားပါးကျေးရွာ ကုန်ထုတ်လမ်း ၂ မိုင် ၅ ဒသမ ၁ ဖာလုံ၊ စလင်းမြို့နယ် လက်မဲကျေးရွာ ကုန်ထုတ်လမ်း ၁ မိုင် ၄ ဖာလုံ၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကြီး ကျေးရွာကုန်ထုတ်လမ်း ၁ မိုင် ၅ ဒသမ ၈ ဖာလုံ၊ ငဖဲမြို့နယ် သာယာကုန်းကျေးရွာ ကုန်ထုတ်လမ်း ၁ မိုင် ၃ ဒသမ ၅ ဖာလုံ  စုစုပေါင်း ၇ မိုင် ၂ ဒသမ ၄ ဖာလုံကို ကျောက်ရောမြေ နှစ်ပေထု/တစ်ပေထု၊ မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်းကို ငွေကျပ် ၂၁၀ ဒသမ ၉၅ သန်းနဲ့ တင်ဒါခေါ်ယူပြီး လုပ်ငန်းများ ဆောင်ရွက်နေပါတယ်၊ ဒီနှစ်မိုးရာသီမရောက်မီ အပြီးဆောင်ရွက်သွားမှာဖြစ်တယ်လို့” ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးက ပြောသည်။

 

mdn

 

အဆိုပါ ကုန်ထုတ်လမ်းများ ဆောင်ရွက်ပြီးစီးပါက အိမ်ခြေ (၂၅၄၈)၊ လူဦးရေ (၁၀၃၁၉)ဦး၊ စိုက်ပျိုးမြေဧက ၉၆၃ ဒသမ ၂၆ ဧက အကျိုးပြုမည်ဖြစ်ပြီး ၎င်းစိုက်ပျိုးမြေများမှ လယ်ယာထုတ်ကုန်၊ ထွက်ကုန်များကို ကုန်ကျစရိတ် အနည်းဆုံးဖြင့် ဈေးကွက်သို့ လျင်မြန်စွာရောက်ရှိစေရန် သယ်ပို့ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

မင်းဘူးခရိုင်အတွင်း ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်တွင်လည်း ပွင့်ဖြူမြို့နယ် အုန်းတောကျေးရွာ ကုန်ထုတ်လမ်း ၁ မိုင် ၄ ဒသမ ၇၈ ဖာလုံ မြေသားတစ်ပေခွဲထု မြေနီကျောက်စရစ် ခြောက်လက်မထု ခင်းခြင်းလုပ်ငန်းကို ငွေကျပ် ၃၅ ဒသမ ၈၇ သန်းဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)