နေပြည်တော် ၁၃ ဖေဖော်ဝါရီ
မင်းဘူးမြို့အား ခရိုင်မြို့အဆင့်နှင့်ညီရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၃၄၇ ဒသမ ၇၃)သန်း လျာထား ဆောင်ရွက်ထားရှိပြီး စကုမြို့အား မြို့အဆင့်နှင့်ညီစေရန် ငွေကျပ် (၈၈ ဒသမ ၂)သန်း လျာထား ဆောင်ရွက်ထားရှိကာ ပွင့်ဖြူမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ခွဲဝေရရှိသည့် ရန်ပုံငွေအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော်(၁၁)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့တွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်း မေးမြန်းသည့် “မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ကို ခရိုင်မြို့အဆင့်နှင့်ညီသော စကုမြို့နှင့် ပွင့်ဖြူမြို့တိ်ု့ကို မြို့အဆင့်နှင့်ညီသော အရည်အသွေးမီသည့် မြို့တွင်းလမ်း၊ ပလက်ဖောင်း၊ ရေမြောင်း၊ လမ်းမီးတိုင်များနှင့် လမ်းမီးများပြည့်စုံစွာ တိုးချဲ့ပြုပြင်ခြင်းတို့ကို မည်သည့်ပုံစံဖြင့် လျင်မြန်စွာ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း” မေးမြန်းမှုကို နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။
နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက “၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် မင်းဘူးမြို့အနေဖြင့် မြို့တွင်း (၇) လမ်းအတွက် ငွေကျပ် (၁၁၈ ဒသမ ဝ)သန်း၊ တံတားလုပ်ငန်း(၃)ခုအတွက် ငွေကျပ် (၇ ဒသမ ၈၅)သန်း၊ ရေမြောင်း (၃၄၇၀)ပေအတွက် (၉၀ ဒသမ ဝ)သန်း၊ ရေပေးရေးလုပ်ငန်း (၁၁)ခုအတွက် ငွေကျပ် (၃၀ ဒသမ ၇၅)သန်း၊ အဆောက်အဦ (၂)ခု ပြင်ဆင်ခြင်းအတွက် (၇ ဒသမ ၆၀)သန်း၊ စက်ကိရိယာ ပြုပြင်ခြင်းအတွက် (၃ ဒသမ ဝ)သန်း၊ အခြားလုပ်ငန်း (၄)ခုအတွက် ငွေကျပ် (၁၀ ဒသမ ၃၀)သန်း၊ မြို့ပြသာယာလှပရေးအတွက် (၈၀ ဒသမ ၂၃)သန်း စုစုပေါင်းငွေကျပ် (၃၄၇ ဒသမ ၇၃)သန်း လျာထားဆောင်ရွက်ထားရှိပါကြောင်း။
စကုမြို့အနေဖြင့် မြို့တွင်း(၄)လမ်းအတွက် ငွေကျပ် (၃၉ ဒသမ ၇၈)သန်း၊ တံတားလုပ်ငန်း(၃)ခုအတွက် ငွေကျပ် (၅ ဒသမ ၇၂)သန်း၊ ရေမြောင်းလုပ်ငန်း ပေ ၂၀ဝ၀ အတွက် ငွေကျပ် (၄၀ ဒသမ ဝ)သန်း၊ အခြားလုပ်ငန်း (၁)ခုအတွက် ငွေကျပ် (၂)သန်း၊ မြို့ပြသာယာလှပရေးအတွက် ငွေကျပ် (ဝ ဒသမ ၇)သန်း စုစုပေါင်း ငွေကျပ် (၈၈ ဒသမ ၂) သန်းကို လျာထားဆောင်ရွက်ထားရှိပါကြောင်း။
ပွင့်ဖြူမြို့အား မြို့အင်္ဂါရပ်နှင့် အညီဖြစ်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အနေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် ခွဲဝေရရှိသည့် ရန်ပုံငွေအပေါ်မူတည်၍ မြို့တွင်းကတ္တရာလမ်း၊ ရေမြောင်း၊ ပလက်ဖောင်းနှင့် မြို့ပြ မီးထွန်းခြင်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း။
သို့ဖြစ်ပါ၍ မင်းဘူးခရိုင်၊ မင်းဘူးမြို့ကို ခရိုင်မြို့အဆင့်နှင့်ညီသော စကုမြို့နှင့် ပွင့်ဖြူမြို့တို့ကို မြို့အဆင့်နှင့်ညီသော မြို့ဖြစ်စေရန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေးလုပ်ငန်းများအတွက် အမှန်တကယ် လိုအပ်လျက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် စည်ပင်သာယာရေး ကော်မတီဝင်များသာမက ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါ ပါဝင်၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း” ဖြေကြားခဲ့သည်။
MDN


