မြင်းခြံ ၂၄ ဖေဖော်ဝါရီ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ မြင်းခြံဒီဂရီကောလိပ်တွင် ခြေလျင်နှင့် တောင်တက်အသင်းသည် နှစ်စဉ် တောင်တက်ခြင်းကို ပြုလုပ်လာရာ ယခုနှစ် ဖေဖော်ဝါရီ (၂၃) ရက်တွင် ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ မြန်မာနိုင်ငံ၏ ဗဟိုချက်ဖြစ်သော ပြက္ခရွေတောင်သို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြင်းခြံဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာကြီး ဒေါက်တာမောင်မောင်၏ လမ်းညွှန်မှု၊ ခြေလျင်နှင့် တောင်တက်အသင်းဥက္ကဋ္ဌ သတ္တဗေဒဌာန ပါမောက္ခဌာနမှူး ဒေါက်တာခင်လေးရီ၏ ဦးဆောင်မှုဖြင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ထမ်းများ၊ ကျန်းမာရေးစောင့်ရှောက်ရန် လိုက်ပါလာသည့် ဆရာဝန်များ စုစုပေါင်း (၁၈၃) ဦးတို့သည် မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက်ဖြစ်သော ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်ရှိ ပြက္ခရွေတောင်သို့ တက်ရောက်ခဲ့ရာ လမ်းတစ်လျှောက်တွင် ဆရာ၊ ဆရာမများမှ ကျောင်းသား၊ ကျောင်းသူများကို သမိုင်းဆိုင်ရာ အချက်အလက်များ၊ မြန်မာစာပေဆိုင်ရာများ၊ သစ်ပင်များ ပေါက်ရောက်ဖြစ်ထွန်းပုံများ၊ ကျေးငှက်တိရစ္ဆာန်များ၏ နေထိုင်ကျက်စားမှုများ၊ ရေမြေတောတောင်ဆိုင်ရာ ပထဝီအချက်အလက်များကို လက်တွေ့လေ့လာခဲ့ကြသည်။
အဆိုပါ မြင်းခြံဒီဂရီကောလိပ် ခြေလျင်နှင့် တောင်တက်အသင်းသည် မြန်မာနိုင်ငံ၏ အလယ်ဗဟိုချက် ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ (၃၇၃၄) ပေရှိ ပြက္ခရွေတောင်ကို အောင်မြင်စွာ တက်ရောက်ခဲ့ကြပြီး ဆက်လက်၍လည်း အခြားတောင်များသို့ နှစ်စဉ်တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဦးဇော်မင်းနိုင် (မြင်းခြံ)


