မြင်းခြံ၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသူ ကျောင်းသူတစ်ဦး မူးဝေနှာခေါင်းသွေးလျှံဖြစ်ပွား၍ ဆေးရုံတွင် သွားရောက်ဖြေဆိုခဲ့ရ

မြင်းခြံ ၇ မတ် 


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၆ ရက်မှ စတင်ဖြေဆိုရာ မတ်လ(၇)ရက် နေ့ အင်္ဂလိပ်စာဘာသာရပ်ဖြေဆိုနေစဉ် ၁၁ နာရီတွင် ကျောင်းသူတစ်ဦး မူးဝေနှာခေါင်းသွေးလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည် ။


မြင်းခြံမြို့ ၊ အ.ထ.က(၁)၊ ပုပ္ပါးစာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေသော ကျောင်းသူ မလှိုင်ဝေဝေမြင့်သည် အင်္ဂလိပ်စာ ဘာသာရပ် ဖြေဆိုနေစဉ် မူးဝေနှာခေါင်းသွေးလျှံ ဖြစ်ပွားခဲ့သောကြောင့် အဖြူရောင်လက်များ လူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် နယ်ထိန်ခေါင်းဆောင် ဒုရဲအုပ် နိုင်ဝင်းထွန်းတို့မှ လိုက်ပါ၍ မြင်းခြံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသမှုခံယူခဲ့သည် ။ 


မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးလူမှုဆက်ဆံရေးဌာနမှူး ဒေါ်သိင်္ဂီဝင်းမှ စာမေးပွဲဆက်လက်ဖြေဆို ခွင့်ပြုခဲ့သဖြင့် ဆေးလူမှုဆက်ဆံရေးဌာနရုံးခန်းမနားနေခန်းတွင် အတွင်းစောင့် ဆရာ၊ ဆရာမများဖြင့် စာမေးပွဲဆက်လက်ဖြေ ဆိုခဲ့ကြောင်း သိရသည် ။


ဇော်မင်းနိုင် ( မြင်းခြံ)