မင်းတုန်း ၂၄ ဖေဖော်ဝါရီ
မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ ကျပ်(၁၀)သန်းနှင့်အထက် လမ်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူမည်ဖြစ်ကာ အိတ်ဖွင့်တင်ဒါစနစ် ကျင့်သုံးလုပ်ဆောင်သွားမည်ဖြစ်ကြောင်း စည်ပင်အမှုဆောင်အရာရှိ ဦးသိန်းဝင်းထံမှ သိရသည်။
မြို့နယ်တွင်း လမ်းလုပ်ငန်းများအတွက် ဘိလပ်မြေ၊ သဲ၊ ကျောက်စရစ်၊ သံချောင်းလုံး၊ ကျောက်ကြီးများ ဝယ်ယူမည်ဖြစ်ကာ ဖေဖော်ဝါရီ ၁၉ ရက်မှေ မတ် ၇ ရက်အတွင်း လျှောက်လွှာများ ရောင်းချလျက်ရှိပြီး မတ် ၈ ရက် နံနက်ပိုင်း၌ စည်ပင်သာယာရေးအဖွဲ့ရုံးတွင် တင်ဒါဖွင့်ပွဲ ကျင်းပသွားမည်ဖြစ်သည်။
“တင်ဒါပေးတဲ့လုပ်ငန်းကို အစိုးရအဖွဲ့ညွှန်ကြားချက်နဲ့အညီ ကော်မတီတွေဖွဲ့ပြီး ဆောင်ရွက်သွားမှာပါ။ တင်ဒါကြမ်းခင်းဈေးတွက်ချက်ရေး ကော်မတီ၊ တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊ အရည်အသွေးစိစစ်ရေးနှင့် လက်ခံရေး ကော်မတီဆိုပြီး ကော်မတီသုံးရပ်ကိုလည်း ဖွဲ့စည်းပြီးဖြစ်ပါတယ်” ဟု မင်းတုန်းမြို့နယ် စည်ပင်အမှုဆောင်အရာရှိ ဦးသိန်းဝင်းက ရှင်းပြသည်။
တင်ဒါကော်မတီမှ အချက်(၃၃)ချက်ပါ စည်းကမ်းချက်မူကြမ်းကို လျှောက်ထားသူလုပ်ငန်းရှင်များထံ ဖြန့်ဝေထားပြီး ခေတ်စနစ်အရ တောင်းဆိုလာသော ပွင့်လင်းမြင်သာမှုကို အဓိကအခြေခံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မင်းတုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ မှ သိရှိရသည်။
ဇေယျတု(မကွေး)


