မောင်သာ(ရှေးဟောင်းသုတေသန)

သရေခေတ္တရာမြို့ဟောင်း၊ ခင်ဘကုန်းမှ တူးဖော်ရရှိခဲ့သည့် ရွှေပေလွှာအချပ် ၂၀ တွင် ဗုဒ္ဓတရားတော် ကောက်နုတ်ချက်များ ရေးသားထားသည့် အထောက်အထားများအရ ထေရဝါဒ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံသို့ ပျူခေတ်ကပင် ရောက်ရှိနေခဲ့ကြောင်း ယူဆနိုင်ခဲ့ကြသည်။ ပျူခေတ်နောက်ပိုင်းတွင် ထွန်းကားခဲ့သည့် ပုဂံခေတ်၊ အနော်ရထာမင်းကြီးလက်ထက်တွင် ဗုဒ္ဓဘာသာသည် ပိုမိုထွန်းကားလာခဲ့ကာ ယုံကြည်ကိုးကွယ်မှုများ တိုးတက်များပြားလာခဲ့သည်။

ပုဂံခေတ်နောက်ပိုင်းတွင် ပေါ်ထွန်းခဲ့သည့် ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း စသည့် ခေတ်များတွင်လည်း မြန်မာနိုင်ငံ၌ ဗုဒ္ဓဘာသာထွန်းကားခဲ့သည့် လက္ခဏာများအဖြစ် ယင်းခေတ်များတွင် တည်ဆောက်ခဲ့သည့် စေတီပုထိုးများစွာကို ယနေ့တိုင် မြင်တွေ့ကြရသည်။ ထို့အတူ မြန်မာ့သမိုင်း ခေတ်အဆက်ဆက်တွင် ဘုရင်နှင့် ပြည်သူများက ဗုဒ္ဓသာသနာနှင့် သက်ဆိုင်သည့် အဆောက်အအုံများကို ဆောက်လုပ်လှူဒါန်းခဲ့ရာ အထူးသဖြင့် ကုန်းဘောင်ခေတ်နှင့် ရတနာပုံခေတ်တွင် တည်ဆောက်ခဲ့သည့် သစ်သားဘုန်းတော်ကြီး ကျောင်းများသည် မြန်မာနိုင်ငံအတွင်း နေရာဒေသအနှံ့အပြား၌ ယနေ့တိုင်ကျန်ရှိနေပေသည်။

မြန်မာဘုရင်များသည် ဗုဒ္ဓဘာသာကို ခေတ်အဆက်ဆက် ချီးမြှောက်ခဲ့ကြကာ သာသနိက အဆောက်အအုံများစွာကို တည်ဆောက်လှူဒါန်းခဲ့ကြသည့်အနက် မြန်မာနိုင်ငံပြင်ပတွင် ဆောက်လုပ်လှူဒါန်းခဲ့သည့် အဆောက်အအုံများလည်း ပါဝင်ခဲ့သည်။ ယင်းတို့အနက် အိန္ဒိယနိုင်ငံ ဂယာမြို့၌ မြန်မာဘုရားဖူးများ နားခိုနိုင်ရန် မင်းတုန်းမင်းကြီး ဆောက်လုပ်ခဲ့သည့် ဇရပ်တော်သည်လည်း တစ်ခု အပါအဝင်ဖြစ်သည်။ မင်းတုန်းမင်းသည် ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့တွင်လည်း မြန်မာနိုင်ငံမှ ဘုရားဝတ်ပြုရန် လာရောက်ကြသည့် အစ္စလာမ်ဘာသာဝင်များ တည်းခိုရန် ဇရပ်တစ်ဆောင်ကို တည်ဆောက် လှူဒါန်းခဲ့သည်။

မင်းတုန်းမင်း

သမိုင်းပညာရှင်များက စည်းလုံးညီညွတ်သော ပထမမြန်မာနိုင်ငံတော်ဟု သတ်မှတ်သည့် ကုန်းဘောင်ခေတ် (ခရစ်နှစ် ၁၇၅၂ မှ ၁၈၈၅ ခုနှစ်အထိ) သက်တမ်း ၁၃၃ နှစ်အတွင်း ဘုရင် ၁၁ ပါး စိုးစံခဲ့သည့်အနက် မင်းတုန်းမင်းသည် ဒသမမြောက် ဘုရင် ဖြစ်သည်။ ကုန်းဘောင်မင်းဆက် ဘုရင်များတွင် မင်းတုန်းမင်းသည် တော်ဖြောင့်၍ သီလ၊ ပညာ၊ အမြော်အမြင်နှင့် ပြည့်စုံသော မင်းကောင်းမင်းမြတ် တစ်ပါးဖြစ်ကြောင်း သတင်းစာဆရာကြီး ညိုမြက ရေးသားခဲ့ပြီး မင်းတုန်းမင်းသည် ပဉ္စမသင်္ဂါယနာတင်မင်းအဖြစ် ပိုမိုထင်ရှားခဲ့သည်။ ယနေ့အချိန်တိုင် အထက် မြန်မာနိုင်ငံ၏ မြို့တော်အဖြစ် စည်ပင်ဖွံ့ဖြိုးနေသည့် မန္တလေးမြို့ကို တည်ထောင်ခဲ့သူ မင်းတုန်းမင်းသည် သူ၏နန်းသက်တစ်လျှောက်တွင် သာသနာရေးနှင့် ပညာရေးကို အထူးအားပေးချီးမြှောက်ခဲ့ပေသည်။

မင်းတုန်းမင်းလောင်းလျာ မောင်လွင်ကို ၁၈၁၄ ခုနှစ် ဇူလိုင်လ ၅ ရက် အင်္ဂါနေ့ တွင် ခမည်းတော် သာယာဝတီမင်းနှင့် မယ်တော် သီရိသုန္ဒာ မလ္လာဒေဝီတို့က ဖွားမြင်ခဲ့သည်။ မင်းတုန်းမင်းသားသည် နောင်တော်ပုဂံမင်းကို ဖယ်ရှား၍ ၁၈၅၃ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်တွင် အမရပူရနန်းကို သိမ်းပိုက်ပြီး ဒသမမြောက် ကုန်းဘောင်ဘုရင်အဖြစ်ခံယူခဲ့ကာ နန်းတက်သောနေ့မှာပင် ညီတော် ကနောင် မင်းသားကို အိမ်ရှေ့ ဥပရာဇာအဖြစ် ခန့်ထားခဲ့သည်။

အထက်မြန်မာနိုင်ငံကို မင်းတုန်းမင်း အုပ်ချုပ်ခဲ့သည့် ခရစ်နှစ် ၁၈၅၃ ခုနှစ်မှ ၁၈၇၈ ခုနှစ်အထိ ကာလသည် ကုန်းဘောင်ခေတ် နိဂုံးပိုင်းဖြစ်ကာ ကုန်ဆုံးလုနီး မီးတိုင်သည် မငြိမ်းချုပ်မီကာလ၌ အလျှံပိုမိုမြင့်တက်ထွန်းလင်းတတ်ကြောင်း သတင်းစာဆရာကြီး ညိုမြက တင်စားခဲ့ကာ မြန်မာနိုင်ငံသည် သူ့ကျွန်ဘဝ အမှောင်ခေတ်သို့ မရောက်မီ မြန်မာ့ယဉ်ကျေးမှု ဘုန်းကျက်သရေအဖြာဖြာတို့သည် အန္တရာယ်များကြားမှ အားယူတောက်ပခဲ့ကြောင်း ကုန်းဘောင်ရှာပုံတော်စာအုပ်တွင် ရေးသားခဲ့သည်။

မင်းတုန်းမင်းသည် တစ်ဖက်လျှင် တစ်မိုင်နှစ်ဖာလုံ ရှည်လျားသည့် စတုရန်းပုံ မန္တလေးရတနာပုံမြို့သစ်ကို (နှောင်းလူများက အောင်ကျော်ချမ်းအေး မန္တလေးဟု အမှတ်အသားပြုကြသည့်) မြန်မာသက္ကရာဇ် ၁၂၂၁ ခုနှစ်တွင် တည်ထောင်၍ အမရပူရမှ ပြောင်းရွှေ့နန်းစံခဲ့သည်။ ဗြိတိသျှတို့၏ရန်ကို ရိပ်စားမိသည့် မင်းတုန်းမင်းသည် မြန်မာနိုင်ငံတော်အား ခေတ်မီတိုးတက်လာစေရန် တတ်စွမ်းသမျှ ကြိုးပမ်းအားထုတ်ခဲ့ပြီး လူငယ်လူရွယ်များအား အနောက်နိုင်ငံများသို့ စေလွှတ်၍ ခေတ်မီ အတတ်ပညာများ သင်ယူစေသကဲ့သို့ စက်မှုနိုင်ငံတော်ထူထောင်နိုင်ရန် ညီတော်ကနောင်မင်းသား၏ အစီအမံများဖြင့် စက်ရုံအလုပ်ရုံများ တည်ထောင်ခဲ့သည်။ ထို့အတူ နိုင်ငံတော်အတွင်း သုံးစွဲနေသည့် ငွေကြေးစနစ်ကိုပြုပြင်ရန် ရတနာပုံဒင်္ဂါးများ သွန်းလုပ်၍ ပြည်သူများအား သုံးစွဲစေခဲ့သည်။

နိုင်ငံတော် လုံခြုံရေးအစီအမံများအဖြစ် အမြောက်စက်ရုံ၊ သေနတ်စက်ရုံများ ထူထောင်ခဲ့ပြီး ဧရာဝတီမြစ်ရိုးတစ်လျှောက် ခံတပ်များဆောက်လုပ်ခဲ့သည်။ မင်းတုန်းမင်းသည် ပြည်ပရန်ကို ကာကွယ်ရန် ဆောင်ရွက်နေစဉ် နန်းတွင်းပဋိပက္ခ များကိုလည်း ဖြေရှင်းခဲ့ရသည်။

မဟာရာဇဝင်နှင့် သင်္ဂါယနာ

မင်းတုန်းမင်းသည် စစ်ကိုင်းမင်းလက်ထက်က ရေးသားပြုစုခဲ့သည့် မှန်နန်း ရာဇဝင်တော်ကြီးကို ဆက်လက်ပြုစုရန် ကန္နီ အတွင်းဝန် မဟာမင်းခေါင်သင်္ခယာ၊ နန်းမတော်ဘုရားဝန် မိုင်းခိုင်းမြို့စား မဟာသီရိဇေယသူ၊ အိမ်ရှေ့အတွင်းဝန် မဟာ မင်းလှ သင်္ခယာ၊ စာရေးကြီး မင်းလှဇေယသူ၊ စာရေးတော်ခေါင်း နေမျိုးစည်သူရာဇာ တို့ ပါဝင်သော မြန်မာရာဇဝင်ပြုစုရေးအဖွဲ့ကို ၁၈၆၇ ခုနှစ် စက်တင်ဘာ ၂ ရက်နေ့ တွင် ဖွဲ့စည်းတာဝန်ပေးခဲ့သည်။ ယင်းအဖွဲ့သည် ၁၈၂၁ ခုနှစ်မှ ၁၈၅၃ ခုနှစ် အထိ သမိုင်းမှတ်တမ်းများကို အခန်း၂၃၇ ခန်း ရေးသားပြုစုခဲ့ရာ ဒုတိယ မဟာရာဇဝင် တော်ကြီးဟု ထင်ရှားခဲ့သည်။

ရတနာပုံ မန္တလေးမြို့တွင် သာသနာတော် နှစ် ၂၄၀ဝ ပြည့်အထိမ်းအမှတ်အဖြစ် ၁၈၇၁ ခုနှစ်တွင် ကျင်းပခဲ့သည့် ပဉ္စမ သံဂါယနာတင်ပွဲသည် မင်းတုန်းမင်း၏ ဗုဒ္ဓ ဘာသာဆိုင်ရာ ကြီးမားသော စွမ်းဆောင်ချက်တစ်ရပ်အဖြစ် သမိုင်းဝင်ခဲ့သည်။ ဘုရားရှင်၏ ပိဋကတ်တော်များကို စုပေါင်းရွတ်ဖတ် သရဇ္ဈယ်လျက် ကျောက်ထက် အက္ခရာတင်ခဲ့ပြီး မန္တလေးတောင်ခြေရှိ ကုသိုလ်တော်စေတီဝင်းအတွင်း စိုက်ထူခဲ့ရာ ကျောက်စာချပ်ပေါင်း ၇၂၉ ချပ်ရှိသည်။ ယင်းကျောက်စာချပ်များကို က္ဘာ့ကုလ သမဂ္ဂ၊ ယူနက်စ်ကို အဖွဲ့က မြန်မာနိုင်ငံ၏ ပထမဆုံးသော က္ဘာ့မှတ်တမ်း အမွေ အနှစ်(Memory of the World) အဖြစ် အသိအမှတ်ပြုခဲ့သည်။

မင်းတုန်းမင်းသည် သတင်းစာထုတ်ဝေခွင့်ပြုခြင်း၊ အနောက်နိုင်ငံများသို့ သံတမန်များစေလွှတ်ခြင်း၊ အမှုထမ်းများအား လစာရိက္ခာချီးမြှင့်ခြင်း၊ နေပြည်တော် အတွင်း ခရစ်ယာန် သာသနာပြုခွင့်ပေးခြင်း၊ ပြည်သူများအား လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုခြင်း၊ သူနာပြုဆေးရုံ၊ လူအိုရုံများဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

သမိုင်းပညာရှင် ဆရာကြီးဒေါက်တာသန်းထွန်းက မင်းတုန်းမင်းသည် မိမိရှေ့တွင် နန်းစံခဲ့သော ဘုရင်များနှင့်မတူဘဲ စစ်ပွဲများနှင့် သွေးထွက်သံယိုမှုများကို စွမ်းနိုင်သမျှ ရှောင်ရှားခဲ့ကြောင်း မှတ်ချက်ပြုခဲ့သည်။ မင်းတုန်းမင်းသည် သက်တော် ၆၄ နှစ်အရွယ် ၁၈၇၈ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင်ကံကုန်တော်မူခဲ့သည်။

မင်းတုန်းမင်းနှင့် ဗုဒ္ဓဂယာ

မြန်မာလူမျိုးများအပါအဝင် ဗုဒ္ဓဘာသာဝင်များသည် ဘုရားရှင်၏ သံဝေဇနိယ လေးဌာန (ဖွား၊ ပွင့်၊ ဟော၊ စံ) ဖြစ်သော ဖွားတော်မူသည့် နီပေါနိုင်ငံ လုမ္ဗိနီ ဥယျာဉ်၊ ဘုရားအဖြစ်သို့ ရောက်တော်မူ (ပွင့်တော်မူ) သည့် ဗုဒ္ဓဂယာရှိ မဟာဗောဓိ၊ ဓမ္မစကြာ တရားဦးဟောတော်မူခဲ့သည့် မိဂဒါဝုန်တောနှင့် ပရိနိဗ္ဗာန်စံခဲ့သည့် ကုသိနာရုံတို့ကို ဗုဒ္ဓ၏ အထွတ်အမြတ် နေရာတော်များအဖြစ် နှစ်စဉ်သွားရောက် ဖူးမြော်ကြည်ညိုလေ့ရှိကြသည်မှာ နှစ်ကာလ ရှည်ကြာခဲ့ပြီဖြစ်ပေသည်။ ဗုဒ္ဓ ဘာသာဝင်များသည် ယင်းနေရာတော်များသို့ အများအားဖြင့် အိန္ဒိယနိုင်ငံ ဂယာမြို့မှတစ်ဆင့် သွားရောက်လေ့ရှိကြသည်။

ဂယာမြို့သည် အိန္ဒိယနိုင်ငံ ဗီဟာပြည်နယ် ဂယာခရိုင်တွင်တည်ရှိကာ ဂယာ လေယာဉ်ကွင်းမှ ၁၇ ကီလိုမီတာနှင့် ဂယာ မီးရထားဘူတာရုံမှ ၁၆ ကီလိုမီတာ ကွာဝေးသည်။ ဂယာမြို့ရှိ ဘုရားရှင်ပွင့်တော်မူခဲ့သည့်နေရာသည် ၂၀ဝ၂ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနက်စ်ကိုအဖွဲ့၏ ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်လာခဲ့သည်။

ဗုဒ္ဓဘုရားရှင်သည် ဘီစီ ၆၂၃ ခုနှစ်တွင် လုမ္ဗိနီ၌ ဖွားတော်မူခဲ့ပြီး ဘီစီ ၅၄၃ ခုနှစ်တွင် ကုသိနာရုံ၌ ပရိနိဗ္ဗာန်ပြုခဲ့သည်။ ဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူပြီး နှစ်၂၈၀ အကြာ ဘီစီ ၂၆၀ ဝန်းကျင်တွင် အာသောကမင်းကြီးက သိဒ္ဓတ္ထမင်းသား ဘုရားအဖြစ်သို့ ရောက်ရှိတော်မူခဲ့သည့် မဟာဗောဓိပင်အနီး၌ မဟာဗောဓိ စေတီတော်ကို သဲကျောက်တုံးများဖြင့် တည်ဆောက်ခဲ့သည်။

မဟာစေတီတော်သည် စတုဂံပုံ နှစ်ထပ်စေတီတော်ကြီးဖြစ်ကာ အာသောက မင်းကြီး တည်ခဲ့စဉ်က စေတီငယ်လေးသာဖြစ်ခဲ့ပြီး အေဒီ နှစ်ရာစုတွင် မာဂဓတိုင်းမှ ဘုရင်တစ်ပါးက လက်ရှိဖူးမြင်ရသည့် စေတီတော်ပုံကို တည်ထားကိုးကွယ်ခဲ့သည်။ အေဒီ ခုနစ်ရာစုတွင် ပါလမင်းက စေတီတော်ကြီးအား ပြန်လည် မွမ်းမံ တည်ဆောက်ခဲ့သော်လည်း အေဒီ ၁၂ ရာစုတွင် ဖျက်ဆီးခြင်းခံခဲ့ရသဖြင့် အေဒီ ၁၃ ရာစု တွင် ပြန်လည်တည်ထားခဲ့ရာ လက်ရှိ မဟာဗောဓိစေတီတော်သည် ဉာဏ်တော် ၅၅ မီတာမြင့်သည်။

ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်နေရာဖြစ်သဖြင့် မြန်မာဘုရင်များသည် မဟာဗောဓိ စေတီတော်ကို လှူဒါန်းပူဇော်မှုများနှင့်အတူ ထိန်းသိမ်းစောင့်ရှောက် မှုများပြုလုပ်ခဲ့သည်။ ပုဂံခေတ်တွင် ကျန်စစ်သားမင်းကြီးသည် မဟာစေတီတော်ကြီးကို မွမ်းမံပြင်ဆင်ရန် မှူးမတ်များကို လှူဖွယ် ကျောက်သံပတ္တမြားများပေး၍ စေလွှတ်ခဲ့သည်။ ထို့အတူပင် အေဒီ ၁၂၉၉ ခုနှစ်တွင် ပုဂံဘုရင် ကျော်စွာသည်လည်းကောင်း၊ အေဒီ ၁၈၀ဝ ပြည့်နှစ်တွင် ကုန်းဘောင်ဘုရင် ဘိုးတော်ဘုရားသည်လည်းကောင်း ဗုဒ္ဓဂယာသို့ သာသနာပြုအဖွဲ့များ စေလွှတ်ခဲ့သည်။ မင်းတုန်းမင်းသည်လည်း စေတီတော်ကြီးအတွက် ရူပီးငွေ သန်း ၇၀ လှူဒါန်းခဲ့ပြီး ဗုဒ္ဓဂယာသို့ လာရောက်ဖူးမြော်ကြသည့် မြန်မာပြည်သူများ တည်းခိုနားနေနိုင်ရန် ဇရပ်ကြီး တစ်ခုကို ဆောက်လုပ်ပေးခဲ့သည်။

မင်းတုန်းမင်း ဇရပ်တော်

ဗုဒ္ဓဂယာသို့ သွားရောက်ကြသည့် မြန်မာဘုရားဖူးများသည် ဂယာမြို့ရှိ မဟာ ဗောဓိစေတီ၊ မဟာဗောဓိညောင်ပင်၊ သတ္တဌာနနေရာတော် ခုနစ်နေရာတို့ကို လည်ပတ်ဖူးမြော်ကြပြီးလျှင် မင်းတုန်းမင်းဇရပ်တော်ကို သွားရောက်ကြည့်ရှုလေ့ ရှိကြပေသည်။ ဂယာမြို့တွင် မင်းတုန်းမင်းလှူဒါန်းခဲ့သည့် ဇရပ်တော်ရှိကြောင်းသိရှိသော်လည်း ယခင်က သွားရောက်ရန် အခွင့်မသာခဲ့သဖြင့် ကိုယ်တွေ့မျက်မြင် မသိရှိခဲ့ရပါချေ။ သို့သော် မကြာမီက ဂယာမြို့သို့ ရောက်ရှိခဲ့သဖြင့် မင်းတုန်းမင်းဇရပ်တော် တည်ရှိသည့်နေရာသို့ သွားရောက်ကာ ကိုယ်တိုင်လေ့လာခွင့်ရရှိခဲ့ပါသည်။

မင်းတုန်းမင်း ဇရပ်တော်သည် ဗုဒ္ဓဂယာ၊ မဟာဗောဓိ စေတီတော်ဝင်း၏အရှေ့ မြောက်ဘက်၊ ဂယာဈေးအနီး၌တည်ရှိကာ ဇရပ်ဟုဆိုသော်လည်း သစ်သား အဆောက်အအုံ မဟုတ်ဘဲ အုတ်တိုက်ကြီးတစ်လုံးဖြစ်သည်။ မင်းတုန်းမင်းဇရပ် တော်သည် ဗြဟ္မဏ မဟန့် (Mahants) များပိုင်ဆိုင်သည့် ဝင်းအတွင်း၌ ရှိနေကာ ဇရပ်တော်အနီး၌ မဟန့်တို့၏ အဆောက်အအုံများရှိနေသည်။ လက်ရှိအချိန်တွင် မင်းတုန်းမင်းဇရပ်တော်သည်ပင် အိန္ဒိယလူမျိုးများ ပိုင်ဆိုင်သော အဆောက်အအုံ ဖြစ်နေကာ ဇရပ်တွင် အိန္ဒိယလူမျိုးများ နေထိုင်နေကြပြီး အတွင်းသို့ ဝင်ရောက် ကြည့်ရှုခွင့်မရရှိခဲ့ပါချေ။ နှစ်ထပ် အုတ်တိုက် အဆောက်အအုံသည် ဆေးနီများ သုတ်ထားကာ ပြတင်းပေါက်များသည် ပျက်စီးနေကြပြီဖြစ်သည်။ တစ်ချိန်က ဗုဒ္ဓဂယာသို့ ရောက်ရှိခဲ့ကြသည့် မြန်မာနိုင်ငံသား ဘုရားဖူးများ တည်းခိုခဲ့ကြမည့် မင်းတုန်းမင်း ဇရပ်တော်ကို မြင်ရသူတိုင်းက မင်းတုန်းမင်း၏ ကုသိုလ်တော်ကို အမှတ်ရမိကြမည်သာဖြစ်သော်လည်း ယခုအချိန်တွင် မြန်မာတို့နှင့် မသက်ဆိုင်သည့် အဆောက်အအုံတစ်ခုအဖြစ် တည်ရှိနေသည်မှာ ဝမ်းနည်းဖွယ်ဖြစ်ပေသည်။ 

မင်းတုန်းမင်းကြီးသည် မြန်မာသက္ကရာဇ် ၁၂၁၄ ခုနှစ် တပေါင်းလဆန်း ၁၁ ရက် ကြာသပတေးနေ့တွင် နန်းတက်ခဲ့ပြီး ခုနစ်နှစ်အကြာတွင် ရတနာပုံမြို့တော်ကို တည် ထောင်ခဲ့သည်။ ၁၂၃၆ ခုနှစ် တန်ဆောင်မုန်းလတွင် မြောင်လှမြို့စားဝန်ထောက်မင်း မင်းကြီးသီရိမဟာ ဇေယသူ၊ စာရေးကြီးနေမျိုးမင်းထင်စည်သူ၊ အမှာရေး နေမျိုးမင်း ထင်စည်သူတို့ ဦးဆောင်ပြီး မဟာဗောဓိစေတီတော်ကြီးနှင့် ဘုရားရှင်ပွင့်ထွန်းခဲ့သည့် ဗောဓိပင်တို့ကို ကုသိုလ်ကောင်းမှု ပြုလုပ်ရန် စိန်လုံးရေ ၅၀ဝ၊ မြလုံးရေ ၃၁၁၊ ကျောက်နီလုံးရေ ၃၉၆၆ ၊ ပုလဲလုံးရေ ၆၂၃ နှင့် ထီး၊ တံခွန်၊ မြူတာ၊ ပန်းကုံး၊ ပန်းခိုင် စသည့် အလှူတော်များကို စင်္ကြာယာဉ် မီးသင်္ဘောဖြင့် သယ်ဆောင်သွားရောက် ခဲ့သည်။ အလှူတော်တို့ကို အုတ်တိုက်ဘဏ္ဍာအိမ်နှင့် ကောင်းမွန်စွာ ထားရှိကာ မဟာဗောဓိရွှေညောင်တော်စောင့် မဟ္တဇိက မည်သော ဇော်ဂျီထံသို့ လက်ရောက် အပ်နှံခဲ့သည်။

မင်းတုန်းမင်းကြီး အလှူတော်ကျောက်စာ

မင်းတုန်းမင်းဇရပ်တော်သို့ မရောက်မီ မဟန့်နန်းတော်ဟောင်း ဝင်ပေါက်ကို ဖြတ်ကျော်ခဲ့ကြရသည်။ လူသွားလမ်း၏ အနောက်ဘက်ခြမ်းတွင် မင်းတုန်းမင်း၏ အလှူတော် ကျောက်စာတိုက်ကိုတွေ့ရှိရသည်။ ကျောက်စာတိုက်တွင် စိုက်ထူ ထားသည့် ကျောက်စာပါ စာသားများကို ဝက်မစွပ်မြို့စား မဟာသီရိစည်သူက ရေးသားခဲ့ကာ ပုဏ္ဏားပုရောဟိတ် မဟာရာဇိန္န အဂ္ဂမဟာဓမ္မရာဇာဂုရု၊ မြေနန်းဝန် မဟာမင်းလှသာဂသူနှင့် အမှာရေး ငရွှေလူတို့သည် မင်းတုန်းမင်း၏ အထူးထူးသော အလှူတော်များကို ဂယာသို့ ဆောင်ယူခဲ့ပြီး ကျောက်စာကို စိုက်ထူခဲ့သည်။

ယင်းကျောက်စာတိုက်ကိုပြင်ဆင်ရန် သီတဂူဆရာတော်ကြီး အရှင်ဉာဏိဿရ သည် အဖွဲ့ဝင်များနှင့်အတူ ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၄ ရက်တွင် ဂယာသို့ ကြွရောက်၍ မဟာဗောဓိစေတီတော် အုပ်ချုပ်ရေးရုံးတွင် ညှိနှိုင်းစည်းဝေးမှုများ ဆောင်ရွက်ခဲ့သည်။ ယင်းအစည်းအဝေးသို့ မင်းတုန်းမင်းဇရပ်နှင့် ကျောက်စာတိုက် တည်ရှိသည့် မြေကွက်ကိုပိုင်ဆိုင်သည့် မဟန့်တို့လည်း တက်ရောက်ခဲ့ကြသည်။ “မဟာဗောဓိရွှေညောင်တော် ကျောက်စာသံပိုင်းမော်ကွန်း” ဟု ခေါင်းစဉ်တပ်ထားသည့် ယင်းကျောက်စာတွင် မြန်မာဘာသာ လင်္ကာစကားပြေ ၈၅ ကြောင်း ရေးထိုးထားပြီး ကျောက်စာပါ စာသားအပြည့်အစုံကို ဒုတိယ မဟာရာဇဝင်တော်ကြီးတွင် ဖတ်ရှုနိုင်ကြပေသည်။

သီရိလင်္ကာနိုင်ငံသား အနာဂါရိက ဓမ္မပါလကသည် ဗုဒ္ဓဂယာရှိ မဟာစေတီတော်ကို ဗုဒ္ဓဘာသာဝင်များလက်သို့ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ချိန်တွင် ဗြဟ္မဏ မဟန့်များနှင့် အငြင်းပွားမှုများဖြစ်ခဲ့သည်။ အေဒီ ၁၈၉၁ ခုနှစ်တွင် သီရိလင်္ကာ ဆရာတော် အနာဂါရိကဓမ္မပါလကနှင့် မြန်မာနိုင်ငံမှ ဦးသိန်းမောင်၊ ဦးဘစီ အစ ရှိသော ဥပသကာများက မဟာစေတီကို ဗုဒ္ဓဘာသာဝင်များထံ လွှဲပြောင်းပေးရန် အိန္ဒိယအစိုးရထံ တောင်းဆိုခဲ့ကြသည်။ နှစ်ပေါင်း ၅၀ ကျော် အရေးဆိုခဲ့ကြရပြီး ၁၉၄၉ ခုနှစ်တွင် မဟာစေတီတော်ကြီးကို ဟိန္ဒူဘာသာဝင်လေးဦးနှင့် ဗုဒ္ဓဘာသာ ဝင်လေးဦးတို့ ပူးတွဲ အုပ်ချုပ်ခွင့်ပြုရန် ဥပဒေတစ်ရပ် ထုတ်ပြန်ခဲ့ရာ ယခုအချိန် အထိ ဟိန္ဒူဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များက ပူးတွဲ အုပ်ချုပ်နေကြသည်။

မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင်များ နှစ်စဉ် သွားရောက်နေကြသည့် ဗုဒ္ဓဂယာ ဘုရားဖူးခရီးစဉ်များအတွင်း ဂယာမြို့တွင် အထင်အရှားမြင်တွေ့ ကြရသည့် မင်းတုန်းမင်း၏ ဇရပ်တော်နှင့် မဟာဗောဓိ အလှူတော်ကျောက်စာတို့သည် မြန်မာဘုရင် မင်းတုန်းမင်း၏ စေတနာနှင့် သဒ္ဒါတရားကို ဖော်ညွှန်းနေသည့် သမိုင်းဝင် အထောက်အထားများ ဖြစ်ကြပေသည်။ သို့သော် မင်းတုန်းမင်း၏ သမိုင်းဝင် ဇရပ်တော်သည် မြန်မာနိုင်ငံသား မဟုတ်သည့် တစ်ပါးသူတို့၏ လက်ဝယ်သို့ရောက် ရှိနေပြီဖြစ်သဖြင့် ကုန်းဘောင်ဘုရင်၏ ဂန္ထဝင်အဆောက်အအုံကို ထာဝရ တည်တံ့ခိုင်မြဲစွာ တည်ရှိနေနိုင်ပါစေကြောင်းကိုသာ ဆုတောင်းမိခဲ့ပါသည်။

မြန်မာ့အလင်း