မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်များမှတ်တမ်း သမိုင်းဝင် ကြေးပိဿာချိန်(၆၅၀)ရှိ မဟာမေဃဝဇ္ဇိသန္ဒဝန် ခေါင်းလောင်းတော်

မန္တလေး၊  ၄  ဒီဇင်ဘာ

သမိုင်းအမွေအနှစ်ပစ္စည်းများသည် လူမျိုးတစ်မျိုးအတွက် အဖိုးမဖြတ်နိုင်သော ပစ္စည်းများပင်ဖြစ်သည်။  မြန်မာနိုင်ငံ သည် သမိုင်းအမွေအနှစ်ပစ္စည်းများ ယဉ်ကျေးမှုလက်ရာ မြောက်ပစ္စည်းများစွာရှိသည်။ လူငယ်များအနေဖြင့် သမိုင်းတန်ဖိုးကိုနားလည်ကာ လက်ဆင့်ကမ်းထိန်းသိမ်းရန် လိုအပ်လှသည်။

မြန်မာနိုင်ငံဒေသအသီးသီးရှိ စေတီပုထိုးများတွင် ထိုစေတီနှင့်အတူ စေတီအနီးတစ်ဝိုက် ကျေးရွာမြို့များ၏  အတိတ်သမိုင်းကို ပြန်လည်ပြောပြနိုင်သည့် သမိုင်းဝင်ကျောက်စာများ ခေါင်းလောင်းစာ များစွာရှိသည်။ ခေါင်းလောင်းနှင့် ခေါင်းလောင်းစာများသည် ဗုဒ္ဓဘာသာဝင်တိုင်းအတွက် မကင်းကွာနိုင်သော သာသနိက အမွေအနှစ်ပစ္စည်းပင် ဖြစ်ပေသည်။

မန္တလေးမြို့ အမရပူရမြို့နယ် မြစ်ငယ်မြို့ စာတိုးမြို့ပြင်ကြီးကျေးရွာအုပ်စု မြို့ပြင်ကြီးရွာ မြစည်းခုံကျောင်းတိုက် မဟာသကျမဉ္ဇူ စေတီတော်အတွင်းရှိ သမိုင်းဝင် မဟာမေဃဝဇ္ဇိသန္ဒဝန် ခေါင်းလောင်းတော်မှာ စိတ်ဝင်စားဖွယ်ရာပင် ဖြစ်သည်။ ခေါင်းလောင်းတွင် ရေးထိုးထားသော ခေါင်းလောင်းစာများအရ ရတနာပုံ ရွှေမြို့တော်အကြောင်း၊ ဒုဌဝတီမြစ်ငယ် ဝဲယာမှ ကျောင်းတိုက်ပေါင်း သုံးရာကျော် သံဃာတော် ၂၀ဝ၀ ကျော်ရှိခြင်းနှင့် မင်းတုန်းမင်းတရားကြီး၏ ကောင်းမှုတော်များကို သိရသည်။

ခေါင်းလောင်းစာအရ ရတနာပုံခေတ်တွင် ထင်ရှားကျော်ကြားခဲ့သော ကျမ်းပြုဆရာတော်တစ်ပါးဖြစ်သည့် မြို့ပြင်ကြီး ဂိုဏ်းအုပ်ဆရာတော် အရှင်စန္ဒဝံသအကြောင်းကိုပါ သိရှိရသည်။ ထို့အတူပင် မြို့ပြင်ကြီးကျေးရွာ မြစည်းခုံကျောင်းတိုက်အတွင်းရှိ သမိုင်းဝင် အလှူဒါနများအကြောင်းကိုပါ သိရှိရသည်။ မင်းတုန်းမင်းတရားကြီး၏ ရိုးရင်းတော်ဖက် ကျွန်ယုံတော် ရွှေမြို့တော်ဝန်မြို့သား မြို့စာမင်းကြီး မဟာမင်းလှမင်းခေါင် သူရိန်ဝန်ကတော်ကြီး မရွှေမြင့်တို့  ဆောက်လုပ်လှူဒါန်းသော ကျောင်းများအကြောင်းကိုပါ သိရသည်။

သာသနာတော်နှစ် ၂၄၁၃ ခု ကောဇာသက္ကရာဇ် ၁၂၃၁ ခုနှစ်တွင် ပုလဲအဆင်းရှိသော မွေတော်မြတ် ၁၇ ဆူနှင့်တစ်ကွ များစွာသောဓာတ်တော် မွေတော်ရုပ်ပွားတော်တို့ကို ဌာပနာကာ တည်ထားသော သကျမဉ္ဇူစေတီ၊ ၁၂၄၀ ခုနှစ်တွင် တည်ထားသော ရတနာရံသီစေတီ၊ ၁၂၄၆ ခုနှစ်တွင် ပန်းတည်းဝန် ဦးတင်င်္ကြီးကြပ်သွန်းလုပ်ကာ လှူဒါန်းသော ကြေးပိဿာချိန် ၁၃၀ဝ ကျော်ရှိ မဟာသကျမာရဇိန် ကြေးရုပ်ရှင်တော်နှင့် ကြေးပိဿာချိန် ၆၅၀ ရှိ ခေါင်းလောင်း တော်ကြီးကို ၁၂၄၉ ခုနှစ် တပေါင်းလတွင် ချိတ်ဆွဲလှူဒါန်းခဲ့ကြောင်း သိရသည်။

ယခုအခါ သမိုင်းဝင်ခေါင်းလောင်းသည် ပွန်းပဲ့မှုများရှိပြီး အချို့သောစာများ ပျက်စီးနေသည်။ လက်ရှိကာလတွင် ခေါင်းလောင်းစာကို မြို့ပြင်ကြီးရွာရှှိ ဦးထားမောင်မှ ကူးယူမှတ်တမ်းပြုထားသည်။ ခေါင်းလောင်းစာကို အကြောင်းပြုကာ မင်းတုန်းမင်းတရား၏ ကုသိုလ်တော်အကြောင်း၊ သမိုင်းဝင် မဟာမုနိရုပ်ရှင်တော်မြတ်နှင့် ပုံစံတူသည့် မြို့ပြင်ကြီးရွာ မြစည်းခုံကျောင်းတိုက်အတွင်းရှိ မဟာသကျမာရဇိန် ရုပ်ပွားတော်မြတ်များ အကြောင်းကိုပါ သိရှိနိုင်သည်။    
            
တိမ်တမန်