MNL-2 ပြိုင်ပွဲတွင် ကချင်ယူနိုက်တက်အသင်း နိုင်ပွဲပြန်ရ

သတင်း-ကိုညီလေး
ဓာတ်ပုံ-MNL

၂၀၂၂ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁၁) ပထမနေ့ကို အောက်တိုဘာ ၁၁ ရက်က သုဝဏ္ဏလေ့ကျင့်ရေးကွင်း-၁ ၌ ယှဉ်ပြိုင်ကစားရာ ကချင်ယူနိုက်တက်အသင်းက မောရဝတီအသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။

ရှုံးပွဲဆက်နေသည့် ကချင်ယူနိုက်တက်အသင်းသည် ဇယားအောက်ပိုင်းမှ မောရဝတီကို ဂိုးပြတ်သွင်းပြီး နိုင်ပွဲပြန်ရခဲ့သည်။ ကချင်ယူနိုက်တက်အသင်းသည် ပွဲအစ မိနစ် ၂၀ အတွင်း နှစ်ဂိုးရရှိခဲ့သဖြင့် ပွဲကိုတောက်လျှောက်ဦးဆောင်နိုင်ခဲ့ခြင်းဖြစ်သည်။

နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး ပွဲအစ ၁၀ မိနစ်မှာပင် သန်းဇော်ဟိန်းက ကချင်ယူနိုက်တက်အသင်းအတွက် အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ကချင်ယူနိုက်တက်အသင်း ပိုမိုဖိအားပေးနိုင်ခဲ့ပြီး မိနစ် ၂၀ တွင် ညီညီက ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် မောရဝတီအသင်း ချေပဂိုးပြန်ရရန် ကြိုးပမ်းခဲ့သော်လည်း အခွင့်အရေးများ အသုံးမချနိုင်သဖြင့် ချေပဂိုးနှင့် ဝေးခဲ့ရသည်။ ကချင်ယူနိုက်တက်အသင်းအတွက် တတိယအနိုင်ဂိုးကို ၆၃ မိနစ်တွင် ဆိုင်းအောင်က သွင်းယူခဲ့သည်။ ယခုပွဲအပြီးတွင် ကချင်ယူနိုက်တက်အသင်းက ၁၀ ပွဲကစား ရမှတ် ၁၅ မှတ်၊ မောရဝတီအသင်းက ရှစ်ပွဲကစား ရမှတ် ငါးမှတ် ရရှိထားသည်။

ပွဲစဉ် (၁၁) ဒုတိယနေ့အဖြစ် အောက်တိုဘာ ၁၂ ရက် (ယနေ့) တွင် တက္ကသိုလ်အသင်းနှင့် ယောမြေအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။