MNL-2 (ပထမတန်း) ပြိုင်ပွဲတွင် မြန်မာလူငယ်လက်ရွေးစင်အသင်းများ ဝင်ရောက်ယှဉ်ပြိုင်မည်


နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်ပြင်ဆင်လျက်ရှိသည့် မြန်မာလူငယ်လက်ရွေးစင် ယူ-၁၉ အသင်းနှင့် ယူ-၁၆ အသင်းသည် သြဂုတ်လတွင် စတင်ကျင်းပရန် စီစဉ်ထားသည့် ၂၀၂၂ ရာသီ MNL-2 (ပထမတန်း) ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာ ယူ-၁၉ အသင်းနှင့် ယူ-၁၆ အသင်းသည် နှစ်နှစ်ကျော် စခန်းဝင်လေ့ကျင့်နိုင်ခြင်းမရှိခဲ့ဘဲ ဧပြီနှင့် မေလမှသာ စတင်လေ့ကျင့်နိုင်ခဲ့ခြင်းဖြစ်သည်။ ယင်းနှစ်သင်းစလုံးကို ပဏာမကစားသမား ၂၅ ဦးမှ ၃၀ ကြားဖြင့် ဖွဲ့စည်းထားပြီး မြန်မာ ယူ-၁၉ အသင်းကို ဦးစိုးမြတ်မင်း၊ မြန်မာ ယူ-၁၆ အသင်းကို ဦးအောင်ဇော်မျိုးက နည်းပြချုပ်အဖြစ် ကိုင်တွယ်လျက်ရှိသည်။ မြန်မာ ယူ-၁၆ အသင်းနှင့် ယူ-၁၉ အသင်းတို့မှာ ယခုနှစ်အတွင်း အာဆီယံအဆင့်ပြိုင်ပွဲနှင့် အာရှဖလားခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း ကာလရှည်ဖွဲ့စည်းမည်ဖြစ်သောကြောင့် ကစားသမားများ အတွေ့အကြုံရစေရန် MNL-2 (ပထမတန်း) ပြိုင်ပွဲ ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းဖြစ်သည်။ မြန်မာလူငယ်လက်ရွေးစင်အသင်းများသည် ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုဝန်းကျင်ကာလကတည်းက ကစားသမားများ အတွေ့အကြုံရစေရန် ပြည်တွင်းလိဂ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး ယခုရာသီတွင်လည်း ယှဉ်ပြိုင်ခြင်းဖြစ်သည်။

ယင်းနှစ်သင်းအနက် မြန်မာ ယူ-၁၉ အသင်းသည် ဇူလိုင် ၂ ရက်မှ ၁၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ၌ကျင်းပသည့် အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

သတင်း-ကိုညီလေး