MNL ပြိုင်ပွဲ ပထမအကျော့နောက်ဆုံးပွဲတွင် ရတနာပုံ အနိုင်ရ

၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ နောက်ဆုံးရက်သတ္တပတ်ဖြစ်သည့် ပွဲစဉ် (၉) နောက်ဆုံးနေ့ကို သြဂုတ် ၂၅ ရက်က သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ ရတနာပုံအသင်းက အားကာသိပ္ပံအသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ရတနာပုံအသင်းသည် ပထမအကျော့ပြီးဆုံးခါနီးတွင် ရလဒ်ကောင်းများဆက်တိုက်ရရှိပြီး အဆင့် ၄ နေရာအထိ တက်လှမ်းနိုင်ခဲ့သည်။ ယခုပွဲမှာ အဆင့် ၄ နေရာအတွက် အရေးပါသည့်ပွဲဖြစ်ပြီး အားကာသိပ္ပံအသင်းအနေဖြင့် ရှုံးပွဲကြုံတွေ့ခဲ့သောကြောင့် ပထမအကျော့အပြီးတွင် အဆင့် ၆ နေရာသာ ရပ်တည်နိုင်ခဲ့သည်။

ရတနာပုံအသင်းသည် လှိုင်းဘိုဘို၊ သက်နိုင်၊ မျိုးကိုထွန်း၊ ဇော်ရဲထွန်း၊ ရဲရင့်အောင် စသည့် အမာခံကစားသမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး အားကာသိပ္ပံအသင်းမှာလည်း လင်းထက်စိုး၊ ဇင်ရဲနောင်၊ ခင်ကျော်ဝင်း၊ ကြည်စိုး၊ ဇင်ညီညီအောင် (ဂိုး)တို့ ပါဝင်ခဲ့သည်။ လှိုင်းဘိုဘို ပြန်ပါလာပြီးနောက်ပိုင်း ရတနာပုံအသင်း၏ ကွင်းလယ်ကစားပုံကောင်းမွန်လာပြီး ယခုပွဲတွင်လည်း ပွဲစကတည်းက ကွင်းလယ်ကို ထိန်းချုပ်နိုင်ခဲ့သည်။ ပွဲအစ သုံးမိနစ်မှာပင် ရတနာပုံအသင်း ဂိုးစတင်ရရှိခဲ့ပြီး ရဲရင့်အောင်၏ ဖန်တီးပေးမှုမှတစ်ဆင့် သက်နိုင်က အဖွင့်ဂိုးစတင်သွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ရတနာပုံအသင်းက ပွဲကိုထိန်းချုပ်နိုင်ခဲ့ပြီး ၃၁ မိနစ်တွင် သက်နိုင်၊ ၄၄မိနစ်တွင် ရဲရင့်အောင်တို့က ဂိုးများထပ်မံသွင်းယူကာ ပထမပိုင်းအပြီးတွင် သုံးဂိုးပြတ်ဦးဆောင်နေသည်။ အားကာသိပ္ပံအသင်းသည် ယခုပွဲတွင် ပုံမှန်ခြေစွမ်းမပြသနိုင်ခဲ့သလို ပွဲအစတွင် ဂိုးပေးလိုက်ရခြင်းကြောင့်လည်း ရုန်းကန်ခဲ့ရခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင်လည်း ရတနာပုံအသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ဂိုးထပ်ရနိုင်သည့်အခွင့်အရေးများစွာရခဲ့သော်လည်း အသုံးမချနိုင်ခဲ့သဖြင့် နစ်နာခဲ့ရသည်။ အားကာသိပ္ပံအသင်းအတွက် ချေပဂိုးတစ်ဂိုးကို ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ကြည်စိုးက သွင်းယူခဲ့သည်။

ပထမအကျော့အပြီးတွင် လက်ရှိချန်ပီယံရှမ်းယူနိုက်တက်အသင်းက ၂၅ မှတ်ဖြင့် ထိပ်ဆုံးတွင် ဆက်လက်ဦးဆောင်လျက်ရှိပြီး ရန်ကုန်အသင်းက ၁၉ မှတ်၊ မြဝတီအသင်းက ၁၈ မှတ်၊ ရတနာပုံ၊ ဧရာဝတီနှင့် အားကာသိပ္ပံအသင်းတို့က ၁၄ မှတ်စီ၊ ဟံသာဝတီအသင်းက ၁၁ မှတ်၊ မဟာယူနိုက်တက်အသင်းက ကိုးမှတ်၊ GFA အသင်းက ခြောက်မှတ်ရရှိထားကာ ရခိုင်အသင်းမှာမူ ကိုးပွဲစလုံးရှုံးပြီး အမှတ်မရသေးပေ။

သတင်း-ကိုညီလေး
ဓာတ်ပုံ-MNL