MNL ပြိုင်ပွဲတွင် ဧရာဝတီအသင်း နှစ်ပွဲဆက် ဂိုးပြတ်နိုင်ပွဲရ

ရန်ကုန်   ဇူလိုင်   ၁၁

၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၃) ဒုတိယနေ့အဖြစ် ဧရာဝတီနှင့် မဟာယူနိုက်တက်အသင်း တို့ ဇူလိုင် ၁၀ ရက်က သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ဧရာဝတီယူနိုက်တက်အသင်းက ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

နှစ်သင်းစလုံး ပြည်တွင်း ကစားသမားများဖြင့် ဖွဲ့စည်းထားသည်။ ပွဲအစငါးမိနစ်မှာပင်  နေဦးလွင်က မဟာယူနိုက်တက်အသင်းအတွက် ဂိုးစတင်သွင်းယူသည်။ ပွဲအစတွင် မထင်မှတ်ဘဲ ဂိုးပေးလိုက်ရသည့်  ဧရာဝတီအသင်းသည် ချေပဂိုးပြန်ရရန် တိုက်စစ်ပြန်မြှင့်လာပြီး ချေပဂိုးကို ၁၄ မိနစ်တွင် ရန်ကျော်ထွေး က သွင်းယူခဲ့သည်။

ချေပဂိုးရပြီးနောက်ပိုင်း ၃၄၊ ၃၉ မိနစ်တွင် ကောင်းမြတ်သူက နှစ်ဂိုးဆက်သွင်းယူခဲ့သဖြင့် ပထမပိုင်း အပြီးတွင် သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရနေသည်။

ဒုတိယပိုင်းတွင်လည်း ၆၈၊ ၇၁ မိနစ်တွင် ရန်ကျော်ထွေးက နှစ်ဂိုး ဆက်သွင်းယူကာ ဟက်ထရစ် ရခဲ့ပြီး ၇၇ မိနစ်တွင် စည်သူနိုင်က တစ်ဂိုးထပ်မံသွင်းယူခဲ့သဖြင့် ပွဲအပြီးတွင် ဧရာဝတီအသင်းက ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရန်ကျော်ထွေးသည် ယခုရာသီ၏ ပထမဆုံး ဟက်ထရစ်ရှင်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ပွဲစဉ် (၃) တတိယနေ့ကို ဇူလိုင် ၁၁ ရက် (ယနေ့) ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နှင့် ရတနာပုံအသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

ရဲရင့်လွင် ၊ ဓာတ်ပုံ - MNL