ရန်ကုန် အောက်တိုဘာ ၂၆
၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၇) ဒုတိယနေ့ကို အောက်တိုဘာ ၂၆ ရက်က ပုသိမ်မြို့ရှိ ကျောက်တိုင်ကွင်း၌ ကျင်းပရာ ဧရာဝတီယူနိုက်တက်အသင်းက ရတနာပုံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ဧရာဝတီယူနိုက်တက် အသင်းသည် ယခုရာသီတွင် အိမ်ကွင်း ပြန်လည်လက်ခံကျင်းပခြင်းဖြစ်ပြီး ပထမဆုံးပွဲတွင် နိုင်ပွဲရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီယူနိုက်တက်အသင်းသည် ပွဲအစတွင် ရရှိသည့် လက်ဆောင်ဂိုးဖြင့် ရလဒ်ကောင်းနေသည့် ရတနာပုံအသင်းကို အနိုင်ယူခဲ့ခြင်းဖြစ်သည်။ အမှတ်ပေးဇယားတတိယနေရာတွင် ရပ်တည်နေသည့် ရတနာပုံအသင်းအတွက် ဒုတိယမြောက် ရှုံးပွဲဖြစ်ခဲ့သည်။
နှစ်သင်းစလုံး အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲအစရှစ်မိနစ်တွင် ရတနာပုံအသင်းမှ စိုးထက်ဝင်း ကိုယ့်ဂိုးကိုယ်သွင်းမိသဖြင့် ဧရာဝတီယူနိုက်တက်အသင်း အနိုင်ဂိုးရခဲ့သည်။ ယင်းနောက်ပိုင်းတွင် နှစ်သင်းစလုံး ဂိုးရရှိရေး အားကုန်ထုတ်ကစားရာ ပွဲမှာအပြန်အလှန်ရှိသော်လည်း ဂိုးထပ်မသွင်းနိုင်သဖြင့် ဧရာဝတီယူနိုက်တက်အသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယခုပွဲအပြီးတွင် ရတနာပုံအသင်းက ခုနစ်ပွဲကစား ၁၃ မှတ်၊ ဧရာဝတီယူနိုက်တက်အသင်းက ခုနစ်ပွဲ ကစား ၁၀ မှတ် ရရှိထားသည်။
ပွဲစဉ် (၇) နောက်ဆုံးနေ့ကို အောက်တိုဘာ ၂၇ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး YUSC ကွင်း၌ ဒဂုံစတားယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်း၊ သီဟဒီပကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် Dagon Port အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MNL


