ရန်ကုန်      ဩဂုတ်      ၂၆

၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) နောက်ဆုံးနေ့ကို သြဂုတ် ၂၆ ရက်က   YUSC ကွင်း၌  ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက Dagon Port အသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့သည်။

လက်ရှိချန်ပီယံ  ရှမ်းယူနိုက်တက်အသင်းသည် အာဆီယံကလပ် ချန်ပီယံ ရှစ်ပြိုင်ပွဲ  ခြေစစ်ပွဲနှင့် နောက်ဆုံးအဆင့် အုပ်စုပထမပွဲကြောင့် ပွဲစဉ် (၁)တွင် ယှဉ်ပြိုင်ရမည့် မဟာယူနိုက်တက်နှင့်ပွဲကို ရွှေ့ဆိုင်းထားရာ  ယခုပွဲမှ  စတင်ကစားရခြင်းဖြစ်ပြီး  ပထမဆုံးပွဲတွင်  ဂိုးပြတ်နိုင်ပွဲဖြင့်  စတင်နိုင်ခဲ့သည်။  Dagon Port အသင်းသည်    အဖွင့်ပွဲတွင်   အနိုင်ရထားသော်လည်း  ယခုပွဲတွင် ပထမဆုံးရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။

ယခုတစ်ပတ်ကစားသည့် ပွဲစဉ်(၂) တွင် ဒဂုံစတားယူနိုက်တက်အသင်းက  ရာမညယူနိုက်တက် အသင်းကို  ငါးဂိုး-တစ်ဂိုး၊  ရန်ကုန် ယူနိုက်တက်အသင်းက   ရခိုင်ယူနိုက်တက်အသင်းကို   ငါးဂိုး ပြတ်၊ အား/ကာသိပ္ပံအသင်းက ဧရာဝတီယူနိုက်တက်အသင်းကို သုံးဂိုးပြတ်၊ ရတနာပုံအသင်းက   မဟာယူနိုက်တက်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရပြီး ဟံသာဝတီယူနိုက်တက်အသင်းနှင့် သစ္စာ အားမာန်အသင်း ဂိုးမရှိသရေကျခဲ့သည်။   ပွဲစဉ်(၂)အပြီးတွင်   ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းက နှစ်ပွဲကစား ခြောက်မှတ်စီ၊ ဟံသာဝတီယူနိုက်တက်အသင်းက   နှစ်ပွဲကစား လေးမှတ်၊   လက်ရှိ ချန်ပီယံရှမ်းယူနိုက်တက်အသင်းက တစ်ပွဲကစား သုံးမှတ်၊ အား/ကာ သိပ္ပံအသင်း၊   ရတနာပုံအသင်း၊Dagon Port  အသင်းနှင့်  ဧရာဝတီ ယူနိုက်တက် အသင်းတို့က  နှစ်ပွဲကစား  သုံးမှတ်စီ၊  သစ္စာအားမာန်အသင်းက  နှစ်ပွဲကစား တစ်မှတ်ရထားပြီး   တစ်ပွဲကစားထားသည့် မဟာယူနိုက်တက်အသင်း၊ နှစ်ပွဲစီကစားထားသည့် ရာမည ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့မှာ အမှတ်မရသေးပေ။

သတင်း - ကိုညီလေး

ဓာတ်ပုံ - SUFC