MNL ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း နှစ်ပွဲဆက်အနိုင်ရရှိ

ရန်ကုန်   ဇူလိုင်   ၇

၂၀၂၂ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ်(၂) စတုတ္ထနေ့အဖြစ်ရှမ်းယူနိုက်တက် နှင့် GFA အသင်းတို့ ဇူလိုင် ၆ ရက် ညနေပိုင်းက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ပွဲစဉ်(၁)တွင် အနိုင်ရထားသည့်အသင်းအချို့ ယခုတစ်ပတ်ပွဲစဉ်များတွင် နိုင်ပွဲပျောက်ဆုံးနေသော်လည်း လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် GFA ကို အနိုင်ယူကာ နှစ်ပွဲဆက်အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပုံစံကောင်းပြသနိုင်ရန် ရုန်းကန်ခဲ့ရသော်လည်း နှစ်ပွဲဆက်အနိုင်ရလဒ် အတွက် အမှားအယွင်းမရှိဘဲ ကစားနိုင်ခဲ့ခြင်းဖြစ်သည်။

ကျော်ဇင်ဖြိုးကို ပထမဆုံးပွဲအဖြစ် အသုံးပြု

ရှမ်းယူနိုက်တက်အသင်းသည် နိုင်ငံခြားသားကစားသမား နှစ်ဦးအပါအဝင် ဟိန်းသီဟဇော်၊ နန္ဒကျော်၊ ကျော်ဇင်လွင်၊ အောင်လှိုင်ဝင်းတို့ဖြင့် ပွဲထွက်ခဲ့ပြီး ဂိုးသမားနေရာတွင် မျိုးမင်းလတ်အစား အသစ် ခေါ်ယူထားသည့် လက်ရွေးစင်ဂိုးသမား ကျော်ဇင်ဖြိုးကို ပထမဆုံးပွဲအဖြစ် အသုံးပြုခဲ့သည်။ GFA အသင်းသည် နိုင်ငံခြားသားကစားသမား တစ်ဦးအပါအဝင် အမာခံကစား သမားအများစုဖြင့် ပွဲထွက်ခဲ့ပြီး ခံစစ်အားပြုကာ တန်ပြန်တိုက်စစ်ဖြင့် ဂိုးရရန်ကြိုးပမ်းခဲ့သည်။ ပထမပိုင်းတွင် ရှမ်းယူနိုက်တက်အသင်းက ပိုဖိကစားနိုင်သော်လည်း ဂိုးပေါက်ခြိမ်းခြောက်မှု နှစ်ကြိမ်သာပြုလုပ် နိုင်ခဲ့ပြီး တစ်ဂိုးသွင်း ယူနိုင်ခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် ပထမဂိုးကို ၁၁ မိနစ်တွင် တိုက်စစ်မှူး ဆန်းဒေးမက်သယူးက ခေါင်းတိုက်သွင်းယူခဲ့ခြင်း ဖြစ်သည်။ ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ဂိုးထပ်မံရရှိရန် ကြိုးပမ်းလာပြီး ၅၇ မိနစ်တွင် ကျော်ဇင်လွင်က ဒုတိယဂိုးထပ်မံသွင်းယူခဲ့သည်။ GFA အသင်းအတွက် ချေပဂိုးတစ်ဂိုးကို ၈၆ မိနစ်တွင် ထွန်းလင်းအောင်က သွင်းယူခဲ့သည်။ ရှမ်းယူနိုက်တက် အသင်းသည် နှစ်ပွဲဆက်အနိုင်ရခဲ့သော်လည်း GFA အသင်းမှာမူ နှစ်ပွဲဆက်အရေးနိမ့်ပြီး အမှတ်မရသေးပေ။

ပွဲစဉ်(၂) နောက်ဆုံးနေ့ကို ဇူလိုင် ၇ ရက် ညနေ ၃ နာရီတွင် သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပမည် ဖြစ်ပြီး ရန်ကုန်အသင်းနှင့် ရတနာပုံအသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-သော်ကြီး