ရန်ကုန် နိုဝင်ဘာ ၆
၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) နောက်ဆုံးနေ့ကို နိုဝင်ဘာ ၆ ရက်က သန်လျင်သီဟဒီပကွင်း၌ ကျင်းပရာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက ဟံသာဝတီယူနိုက်တက် အသင်းကို လေးဂိုးပြတ် အနိုင်ရရှိသည်။
ယခုပွဲမတိုင်မီ နည်းပြချုပ်အပြောင်းအလဲပြုလုပ်ပြီး ယခင်နည်းပြချုပ်ဖြစ်သူ ဂျပန်နိုင်ငံသား ဟီရိုအိုနိုနှင့် လမ်းခွဲပြီးနောက် ဦးဟန်ဝင်းအောင်ကို ပြန်လည်ခန့်အပ်ထားသည့် ရှမ်းယူနိုက်တက်အသင်းသည် နည်းပြသစ်လက်ထက် ပထမဆုံးပွဲတွင် ဂိုးပြတ်အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းကို ၂၀၂၂ ရာသီနှင့် ၂၀၂၃ ရာသီတွင် ရှုံးပွဲမရှိစံချိန်ဖြင့် အမှတ်ပေးချန်ပီယံဆု နှစ်ကြိမ်ရယူထားပေးထားသည့် ဦးဟန်ဝင်းအောင်သည် အသင်းအား ပြန်လည်ကိုင်တွယ်သည့် ပထမဆုံးပွဲတွင် ရလဒ်ကောင်း ရယူပေးနိုင်ခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ရဲမင်းသူကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ပေးကာ ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး ဟံသာဝတီယူနိုက်တက်အသင်းမှာလည်း အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် နှစ်ဂိုး၊ ဒုတိယပိုင်းတွင် နှစ်ဂိုးသွင်းယူခဲ့ပြီး ၂၃ မိနစ်တွင် ခွန်ကျော်ဇင်ဟိန်း၊ ၃၈ မိနစ်တွင် ဂျော်ဒန်ဟာမီတန်၊ ၆၂ မိနစ်တွင် စအောင်ပြည့်ကို၊ ၈၇ မိနစ်တွင် ရဲရင့်အောင်တို့က သွင်းယူသည်။
ပွဲစဉ် (၈) အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ၂၁ မှတ်၊ ရှမ်းယူနိုက်တက်အသင်းက ၁၆ မှတ်၊ ရတနာပုံအသင်းက ၁၄ မှတ်၊ အား/ကာသိပ္ပံအသင်းက ၁၃ မှတ်၊ ဟံသာဝတီယူနိုက်တက်အသင်းနှင့် ဒဂုံစတာယူနိုက်တက်အသင်းတို့က ၁၂ မှတ်စီ၊ ဧရာဝတီယူနိုက်တက်အသင်းက ၁၀ မှတ်၊ မဟာယူနိုက်တက်အသင်းနှင့် သစ္စာအားမာန်အသင်းတို့က ရှစ်မှတ်စီ၊ ရခိုင်ယူနိုက်တက်အသင်းက ခြောက်မှတ်၊ Dagon Port အသင်းက ငါးမှတ်၊ ရာမညယူနိုက်တက်အသင်းက နှစ်မှတ် ရရှိထားသည်။ ရှမ်းယူနိုက်တက်အသင်းက ခြောက်ပွဲ၊ ရာမညယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့က ခုနစ်ပွဲစီသာ ကစားရသေးပြီး ကျန်အသင်းများမှာ ရှစ်ပွဲစီကစားထားပြီးဖြစ်သည်။
သတင်း-ကိုညီလေး
ဓာတ်ပုံ-MNL


