ရန်ကုန် ဩဂုတ် ၁၇
၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၁) တတိယနေ့ကို ဩဂုတ် ၁၇ ရက်တွင် YUSC ကွင်း၌ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်းက ရတနာပုံအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရ ခဲ့သည်။
လိဂ်ပြိုင်ပွဲစတင်ခါနီး ရက်ပိုင်းအလိုတွင် နည်းပြချုပ် အပြောင်းအလဲပြုလုပ်ထားသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် တစ်ကျော့ပြန်ကိုင်တွယ်နေသည့် နည်းပြချုပ် ဦးတင်မောင်ထွန်း လက်ထက် ပထမဆုံးပွဲတွင် အမှတ်ပြည့်ရယူနိုင်ခဲ့သည်။ ရတနာပုံအသင်းသည် မိနစ် ၈၀ ဝန်းကျင် တစ်ယောက်အသာဖြင့် ကစားရသော်လည်း ချေပဂိုးပြန်မသွင်းနိုင်ဘဲ ရာသီအစအဖွင့်ပွဲတွင် ရှုံးပွဲ နှင့် ရင်ဆိုင်ခဲ့ရသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် နိုင်ငံခြားသားကစားသမား လေးဦးအား ဒေးဗစ်ထန်၊ အာကာကျော်၊ အီစိုးတို့ဖြင့် တွဲဖက်အသုံးပြုကာ ပွဲထွက်လာပြီး ပြည်တွင်း ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် ရတနာပုံအသင်းသည် ပြည်မိုး၊ စိုးမင်းဦး၊ ရဲပြည့်စုံတို့ကို ပွဲထွက်လူစာရင်းတွင် အသုံးပြုခဲ့သည်။ ပွဲအစ ၁၀ မိနစ်တွင် မိုဂူက ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဂိုးစတင်သွင်းယူသည်။ သို့သော် သုံးမိနစ်အကြာတွင် ရန်ကုန်ယူနိုက်တက် ဂိုးသမား ဇင်ညီညီအောင် ရတနာပုံတိုက်စစ်ကို ပင်နယ်တီဧရိယာစည်းအပြင်ထွက်ပြီး တားဆီးရာမှ လက်ဖြင့်ထိခဲ့သဖြင့် တိုက်ရိုက် အနီကတ်ဖြင့် ထုတ်ပယ်ခံရပြီး လက်ကျန်မိနစ်များကို တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသည်။ ထို့ကြောင့် ရန်ကုန်ယူနိုက်တက်အသင်းသည် အနိုင်ရလဒ်ကို ထိန်းကစားခဲ့ပြီး ရတနာပုံအသင်းကလည်း ချေပဂိုးမသွင်းနိုင်သဖြင့် ရန်ကုန်ယူနိုက်တက်အသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။ ယခုပွဲအတွက် အကောင်းဆုံးဆုကို ရန်ကုန်ယူနိုက်တက်တိုက်စစ်မှူး ရင်တာရိုဟမာက ရရှိသည်။
ဩဂုတ် ၁၆ ရက်က ကျင်းပသည့်ပွဲတွင် ဟံသာဝတီယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက် အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီယူနိုက်တက်အသင်းအတွက် ဂိုးများကို ၁၁ မိနစ်တွင် ကြည်စိုး၊ ၈၂ မိနစ်တွင် ဇော်ဇော်ထိုက်တို့က သွင်းယူပြီး ရခိုင်ယူနိုက်တက်အသင်း အတွက် ချေပဂိုးတစ်ဂိုးကို ၃၅ မိနစ်တွင် သန်းကျော်ဌေးက သွင်းယူခဲ့သည်။ ယခုပွဲအတွက် အကောင်းဆုံးဆုကို ဟံသာဝတီယူနိုက်တက်အသင်း ခေါင်းဆောင် လားဒင်မောရက ရရှိသည်။
ပွဲစဉ်(၁)စတုတ္ထနေ့ကို ဩဂုတ် ၁၈ ရက်တွင် YUSC ကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး Dagon Port အသင်းနှင့် အား/ကာ သိပ္ပံအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ရှိုင်းထက်ဇော်
ဓာတ်ပုံ - MNL


