ရန်ကုန်     အောက်တိုဘာ     ၂၀

၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၆) နောက်ဆုံးနေ့ကို အောက်တိုဘာ ၂၀ ရက်က ဆက်လက်ကျင်းပရာ ရတနာပုံအသင်း ဂိုးပြတ်အနိုင်ရပြီး ရခိုင်ယူနိုက်တက်အသင်း ပထမဆုံး နိုင်ပွဲရရှိခဲ့သည်။

သီဟဒီပကွင်း၌    ကျင်းပသည့်ပွဲတွင်     ရခိုင်ယူနိုက်တက်အသင်းက  သစ္စာအားမာန်အသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ရာသီအစတွင် ရုန်းကန်နေရသည့် ရခိုင်ယူနိုက်တက်အသင်းသည် ခြောက်ပွဲမြောက်တွင် ပထမဆုံးနိုင်ပွဲရယူနိုင်ခဲ့ပြီး နောက်ကျဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ နိုင်ပွဲဆက်နေသည့် သစ္စာအားမာန်အသင်းမှာမူ မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးပွဲ နှင့် ရင်ဆိုင်ခဲ့ရသည်။

နှစ်သင်းစလုံး အမာခံကစားသမားအစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစကတည်းက တိုက်စစ်အားပြုကစားသော်လည်း ပထမပိုင်းတွင် ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေကျနေသည်။ ၇၆ မိနစ်တွင် ရခိုင်ယူနိုက်တက်အသင်း ဂိုးစတင်ရရှိပြီး မိုစတာဖာက သွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင်  ရခိုင်ယူနိုက်တက်အသင်း ဆက်တိုက်ဖိကစားလာနိုင်ပြီး ၈၄ မိနစ်တွင် အောင်နိုင်ဝင်းနှင့် ၉၀+၆ မိနစ်တွင် မီဆိုတို့က အနိုင်ဂိုးများ ထပ်မံသွင်းယူသည်။

သုဝဏ္ဏကွင်း၌ ကျင်းပသည့်ပွဲတွင် ရတနာပုံအသင်းက ရာမညယူနိုက်တက်အသင်းကို ငါးဂိုး-တစ်ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့သည်။ ရတနာပုံအသင်းသည်ဂိုးပြတ်နိုင်ပွဲနှင့်အတူ  အမှတ်ပေးဇယား   တတိယနေရာသို့ တက်လှမ်းနိုင်ခဲ့သည်။

ပွဲစဉ်(၆) အပြီးတွင်  ရန်ကုန်ယူနိုက်တက်အသင်းက ၁၅ မှတ်ဖြင့် ဆက်လက်ဦးဆောင်နေပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းက ၁၃ မှတ်စီ၊ ဟံသာဝတီယူနိုက်တက်အသင်းက ၁၂ မှတ်၊ ဒဂုံစတားယူနိုက်တက်အသင်းက ၁၁ မှတ်၊ အား/ကာသိပ္ပံအသင်းက ရှစ်မှတ်၊ ဧရာဝတီယူနိုက်တက်အသင်းနှင့်  သစ္စာအားမာန်အသင်းက  ခုနစ်မှတ်စီ၊ မဟာယူနိုက်တက် အသင်းနှင့် Dagon Port အသင်းကလေးမှတ်စီ၊ ရခိုင်ယူနိုက်တက်အသင်းက သုံးမှတ်၊ ရာမည ယူနိုက်တက်အသင်းက တစ်မှတ်ရရှိထားသည်။ ယင်းအသင်းများအနက် ရှမ်းယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းသည် ငါးပွဲစီသာ ကစားရသေးပြီး ကျန်အသင်းများမှာ ခြောက်ပွဲစီ ကစားထားပြီးဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MNL