MNL ပြိုင်ပွဲတွင် ရတနာပုံကို ရန်ကုန်အသင်း အနိုင်ယူ

ဇူလိုင် ၇

၂၀၂၂ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၂) နောက်ဆုံးနေ့ကို ဇူလိုင် ၇ ရက်က သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ ရန်ကုန်အသင်းက ရတနာပုံအသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

အဖွင့်ပွဲတွင် နိုင်ပွဲကိုယ်စီရထားသည့်အပြင် MNL စတင်ကတည်းက အဓိကပြိုင်ဘက်များဖြစ်ခဲ့သည့် ရတနာပုံနှင့် ရန်ကုန်အသင်းတို့၏ ထိပ်တိုက်တွေ့ဆုံမှုမှာ အကြိတ်အနယ်ရှိခဲ့ပြီး ရန်ကုန်အသင်းက နိုင်ပွဲရယူနိုင်ခဲ့သည်။ ရန်ကုန်အသင်းသည် နှစ်ပွဲဆက် အနိုင်ရခဲ့သည့်အပြင် ပေးဂိုးလည်းမရှိသေးသည့်အတွက် ကျေနပ်စရာဖြစ်ခဲ့သည်။

ရန်ကုန်ယူနိုက်တက်အသင်း၏ ပွဲထွက်လူစာရင်းတွင် ဘုန်းသစ္စာမင်း (ဂိုး)၊ ကျော်မင်းဦး၊ ဒေးဗစ်ထန်၊ ထက်ဖြိုးဝေ၊ ဇာနည်ထက်၊ မင်းကျော်ခန့်၊ ရန်ပိုင်စိုး၊ ဟိန်းဇေယျာလင်း၊ ရန်ကျော်စိုး၊ ရန်နိုင်ဦး၊ သီဟထက်အောင်တို့ ပါဝင်ခဲ့ပြိး ရတနာပုံအသင်းတွင် ပြည့်ဖြိုးသူ (ဂိုး)၊ အောင်ဝဏ္ဏစိုး၊ ဇော်ရဲထွန်း၊ သက်ဟိန်းစိုး၊ မျိုးကိုထွန်း၊ ဘီဘီ၊ သက်နိုင်၊ ငြိမ်းချမ်းစိုး၊ သိုင်းဘွဲ့အောင်၊ ရဲရင့်အောင်၊ နောင်နောင်စိုးတို့ဖြင့် ပွဲထွက်ခဲ့သည်။ ပွဲစကတည်းက နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဂိုးသွင်းခွင့်များလည်း အပြန်အလှန်ရရှိခဲ့သည်။ ရတနာပုံအသင်းအနေဖြင့် ဂိုးရနိုင်သည်အခွင့်အရေးများ အသုံးမချနိုင်သဖြင့် နစ်နာခဲ့ရသည်။ ပထမပိုင်းပြီးခါနီးတွင် ရန်ကုန်အသင်း ဂိုးစတင်ရရှိခဲ့ပြိး ပယ်နယ်တီဧရိယာစည်းထိပ်နား၌ရရှိသည့် ပြစ်ဒဏ်ဘောကို ထက်ဖြိုးဝေက တိုက်ရိုက်ကန်သွင်းခဲ့ခြင်းဖြစ်သည်။ ဒုတိယပိုင်းတွင် ရတနာပုံအသင်း ချေပဂိုးရရန် ကြိုးပမ်းသော်လည်း ရန်ကုန်အသင်းက ဂိုးထပ်ရခဲ့ပြီး ၇၅ မိနစ်တွင် ဒေးဗစ်ထန်က သွင်းယူခဲ့သည်။ ဒေးဗစ်ထန်သည် ယခုရာသီမှ အသင်းဟောင်း ရန်ကုန်အသင်းသို့ ပြန်လည်ပြောင်းရွှေ့လာပြီး ဒုတိယမြောက်ပွဲတွင် ဂိုးသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပွဲစဉ် (၂) အပြီးတွင် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်အသင်းတို့က နှစ်ပွဲနိုင် ခြောက်မှတ်စီဖြင့် ဇယားထိပ်တွင် အပြိုင်ဖြစ်နေပြီး ရတနာပုံ၊ အားကာသိပ္ပံ၊ ဟံသာဝတီ၊ ဧရာဝတီ၊ မြဝတီနှင့် မဟာယူနိုက်တက်အသင်းတို့က တစ်ပွဲနိုင်၊ တစ်ပွဲရှုံး သုံးမှတ်စီရရှိထားကာ ရခိုင်ယူနိုက်တက်နှင့် GFA အသင်းတို့မှာ နှစ်ပွဲစလုံးရှုံးပြီး အမှတ်မရရှိသေးပေ။

သတင်း-ကိုညီလေး
ဓာတ်ပုံ- MNL