ရန်ကုန် နိုဝင်ဘာ ၁
၂၀၂၅-၂၀၂၆ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) ပထမနေ့ကို နိုဝင်ဘာ ၁ ရက်က YUSC ကွင်း၌ကျင်းပရာ သစ္စာအားမာန်အသင်းနှင့် ရာမညယူနိုက်တက်အသင်းတို့ တစ်ဂိုးစီသရေကျခဲ့သည်။
MNLသို့ ပထမဆုံး တန်းတက်လာပြီး ရုန်းကန်နေရသည့် ရာမညယူနိုက်တက်အသင်းသည် နိုင်ပွဲထပ်မံပျောက်ဆုံးခဲ့သော်လည်း သစ္စာအားမာန်အသင်းထံမှ အမှတ်ခွဲယူနိုင်ခဲ့သည်။ ယခုပွဲတွင်လည်း နှစ်ယောက်လျော့အနေအထားဖြင့် သရေတစ်မှတ်ရရှိအောင် ကစားနိုင်ခဲ့ခြင်းဖြစ်သည်။ သစ္စာ အားမာန်အသင်းမှာမူ ရန်ကုန်ယူနိုက်တက်လိုအသင်းမျိုးကို အနိုင်ကစားနိုင်သော်လည်း အမှတ်ရသင့်သည့်ပွဲများတွင် အမှတ်ဆုံးရှုံးခဲ့သဖြင့် နစ်နာခဲ့ရသည်။
နှစ်သင်းစလုံး အမာခံကစားသမားအများစုဖြင့် ပွဲထွက်လာပြီး ပထမပိုင်းပြီးခါနီးတွင် ဖိုးခန့်ကျော်က ရာမည ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ ဒုတိယပိုင်းတွင် သစ္စာအားမာန်အသင်းက ချေပဂိုးရရန် ကြိုးပမ်းခဲ့သလို ကစားသမားအသာရထားသော်လည်း ရုန်းကန်ခဲ့ရပြီး နောက်ဆုံးမိနစ်မှ ဂိုးပြန်ရခဲ့သည်။ သစ္စာအားမာန်အသင်းအတွက် ချေပဂိုးကို ၉၀+၈ မိနစ်တွင် မြတ်ဘုန်းခန့်က သွင်းယူခဲ့သည်။
ပွဲစဉ် (၈) ဒုတိယနေ့ကို နိုဝင်ဘာ ၂ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သီဟဒီပကွင်း၌ ရတနာပုံအသင်းနှင့် Dagon Port အသင်း၊ သုဝဏ္ဏကွင်း၌ ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်၊ ဓာတ်ပုံ-MNL


