ရန်ကုန် စက်တင်ဘာ ၁၀
၂၀၂၅ MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၉) နောက်ဆုံးနေ့ကို စက်တင်ဘာ ၁၀ ရက်က ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပရာ ဟံသာဝတီယူနိုက်တက် အသင်းနှင့် အား/ကာသိပ္ပံအသင်း တစ်ဂိုးစီသရေကျခဲ့သည်။
ချန်ပီယံဆုအတွက် အရေးပါနေသည့် အဆုံးအဖြတ်ကာလတွင် အား/ကာသိပ္ပံအသင်း ခြေချော်ခဲ့ပြီး သရေရလဒ်ကြောင့် ထိပ်ဆုံးနေရာကို ဒဂုံစတားယူနိုက်တက်အသင်းထံ ပြန်လည်လွှဲပြောင်းပေးခဲ့ ရသည်။ ဟံသာဝတီယူနိုက်တက်အသင်း၏ ရုန်းကန်မှုကြောင့်လည်း အား/ကာ သိပ္ပံအသင်း ရုန်းကန်ခဲ့ရပြီး ပထမပိုင်းပြီးခါနီးမှ ဂိုးစတင်ရ ခဲ့သည်။
မိနစ် ၄၀ တွင် စောအောင်မျိုးဦးက အား/ကာသိပ္ပံအသင်းအတွက် ဂိုးစတင်သွင်းယူပြီး ဟံသာဝတီယူနိုက်တက်အသင်းအတွက် ချေပဂိုးကို ၄၇ မိနစ်တွင် ခန့်ဇော်ဟိန်းက သွင်းယူခဲ့သည်။
ပွဲစဉ်(၁၉)အပြီးတွင် ဒဂုံစတားယူနိုက်တက်အသင်းက ၄၅ မှတ်၊ အား/ကာသိပ္ပံအသင်းက ၄၃ မှတ်၊ ရန်ကုန်ယူနိုက်တက်အသင်းက ရမှတ် ၄၀၊ ရှမ်းယူနိုက်တက်အသင်းက ၃၉ မှတ်၊ Junior Lions အသင်းနှင့် သစ္စာအားမာန်အသင်းတို့က ရမှတ် ၃၀ စီ၊ Falcon အသင်းနှင့် ဧရာဝတီ ယူနိုက်တက်အသင်းတို့က ၂၈ မှတ်စီ၊ ရတနာပုံအသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း တို့က ၂၁ မှတ်စီ၊ ရာမညယူနိုက်တက်အသင်းက ၁၉ မှတ်၊ ရခိုင်ယူနိုက်တက်အသင်းက ၁၀ မှတ်၊ Dagon Port အသင်းက ရှစ်မှတ်နှင့် မဟာယူနိုက်တက်အသင်းက ငါးမှတ်ရရှိထားသည်။ ယခုတစ်ပတ်တွင် Junior Lions (ခ) မြန်မာယူ-၁၉ လက်ရွေးစင်အသင်းသည် တရုတ်နိုင်ငံ၌ ခြေစမ်းပွဲသွားရောက်ကစားသဖြင့် ရာမညယူနိုက်တက်နှင့်ပွဲကို ရွှေ့ဆိုင်းထားရာ ယင်းနှစ်သင်းသည် ၁၈ ပွဲသာ ကစားရသေးပြီး ကျန်အသင်းများမှာမူ ၁၉ ပွဲစီ ကစားထားပြီးဖြစ်သည်။
သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-MNL


