ရန်ကုန် အောက်တိုဘာ ၂၂
၂၀၂၅ MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၆) ဒုတိယနေ့ကို အောက်တိုဘာ ၂၂ ရက်က ဆက်လက်ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်း သရေကျသဖြင့် ဂိုးပြတ်အနိုင်ရသည့် ရှမ်းယူနိုက်တက်အသင်း တတိယနေရာရရှိသည်။
ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် ရှမ်းယူနိုက်တက်အသင်းက Dagon Port အသင်းကို ငါးဂိုးပြတ် အနိုင်ရခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ယခုရာသီတွင် ချန်ပီယံဆု လက်လွှတ်ခဲ့ရသော်လည်း တတိယနေရာ ရယူနိုင်ခဲ့သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် အဆင့် ၃ နေရာတွင် တောက်လျှောက်ရပ်တည်နိုင်သော်လည်း ရာသီပိတ်ပွဲများတွင် နိုင်ပွဲပျောက်ဆုံးမှုကြောင့် ရှမ်းယူနိုက်တက်အသင်းက တတိယနေရာ ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ရှမ်းယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၂၃၊ ၄၂ မိနစ်တွင် မင်းဆန်း၊ ၃၉၊ ၈၆ မိနစ်တွင် ကျော်လွင်ထွေး၊ ၆၄ မိနစ်တွင် စိုင်းဇွန်ဆိုင်း က သွင်းယူခဲ့သည်။ YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းနှင့် Junior Lions အသင်းတို့ တစ်ဂိုးစီသရေကျခဲ့ သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲပြီးခါနီးတွင်ပေးလိုက်ရသည့် ချေပဂိုးကြောင့် နိုင်ပွဲနှင့်လွဲချော် ကာ တတိယနေရာနှင့်လွဲချော်ခဲ့သည်။ ရန်ကုန်ယူနိုက်တက်အသင်းအတွက် ဦးဆောင်ဂိုးကို ၆၅ မိနစ်တွင် လမင်းပြည့်စုံက သွင်းယူပြီး Junior Lions အသင်းအတွက် ချေပဂိုးကို ၉၀+၃ မိနစ်တွင် သီဟအောင်က သွင်းယူသည်။ ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပသည့်ပွဲတွင် ဟံသာဝတီယူနိုက်တက်အသင်းက ရတနာပုံအသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဟံသာဝတီယူနိုက် တက်အသင်းသည် ရာသီပိတ်ပွဲကို ဂိုးပြတ်နိုင်ပွဲဖြင့် အဆုံးသတ်နိုင်ခဲ့သည်။ ဟံသာဝတီယူနိုက်တက်အသင်းအတွက် ဂိုးများကို ၁၅၊ ၂၁၊ ၆၈ မိနစ်တွင် စောဘီဘယ်၊ မိနစ် ၄၀ တွင် အောင်ဇော်ဦး၊ မိနစ် ၇၀ တွင် သူရညီညီက သွင်းယူပြီး ရတနာပုံအသင်းအတွက် ချေပဂိုးများကို ခြောက်မိနစ်တွင် ဖြိုးဝေကျော်၊ ၄၅+၁ မိနစ်တွင် ကောင်းခန့်ဇော်တို့က သွင်းယူခဲ့သည်။
ပွဲစဉ်(၂၆) နောက်ဆုံးနေ့ကို အောက်တိုဘာ ၂၃ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး သုဝဏ္ဏကွင်း၌ အား/ကာသိပ္ပံအသင်းနှင့် ဒဂုံစတားယူနိုက်တက်အသင်း၊ ပဒုမ္မာကွင်း၌ ရခိုင်ယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - ကိုညီလေး
ဓာတ်ပုံ - MNL


