ရန်ကုန်     အောက်တိုဘာ     ၁၅

၂၀၂၅ MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၂၅)  ပထမနေ့ကို အောက်တိုဘာ ၁၅ ရက်က ကျင်းပရာ ဟံသာဝတီယူနိုက်တက်အသင်း ဂိုးပြတ်အနိုင်ရပြီး ဧရာဝတီအသင်းနှင့် Falcon အသင်းတို့ သရေကျခဲ့သည်။

ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် Falcon အသင်းတို့ တစ်ဂိုးစီ သရေကျခဲ့သည်။  Falcon အသင်းသည် ယခုပွဲအနိုင်ရပါက   ထိပ်ဆုံးငါးသင်းစာရင်းဝင်ရန်  ဖိအားပေးနိုင်မည်ဖြစ်သော်လည်း သရေရလဒ်ကြောင့် အခွင့်အရေးနည်းသွားပြီဖြစ်သည်။    ဧရာဝတီယူနိုက်တက်အသင်းမှာလည်း  သရေရလဒ်ကြောင့် ဇယားအလယ်ပိုင်းတွင်သာ  ရပ်တည်နိုင်မည်ဖြစ်သည်။ ၂၅ မိနစ်တွင် ကျော်မင်းခန့်က ဧရာဝတီယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်းယူသော်လည်း ငါးမိနစ်အကြာတွင်   ညီညီသန့်က    Falcon အသင်းအတွက်  ချေပဂိုးပြန်သွင်းခဲ့သည်။

သန်လျင်သီဟဒီပကွင်း၌  ကျင်းပသည့်ပွဲတွင် ဟံသာဝတီယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက် အသင်းကို ခြောက်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဒုတိယအကျော့တွင်      ပုံစံကောင်းပြသနေသည့် ဟံသာဝတီယူနိုက်တက်အသင်းသည် ဂိုးပြတ်နိုင်ပွဲဖြင့် ရှစ်ပွဲမြောက် နိုင်ပွဲရခဲ့သည်။ ပွဲအစ ခြောက်မိနစ်တွင် သော်ဇင်နိုင်က   ရခိုင်ယူနိုက်တက်အတွက် ဦးဆောင်ဂိုးသွင်း ယူသော်လည်း   အနိုင်ရလဒ် မထိန်းနိုင်ဘဲ ဂိုးဒါဇင်ဝက် ပြန်ပေးခဲ့ရခြင်းဖြစ်သည်။ ဟံသာဝတီအသင်းအတွက် ဂိုးများကို ၃၀၊ ၇၈ မိနစ်တွင်   အောင်ဇော်ဦး၊  ၃၄၊  ၅၃၊  ၆၆ မိနစ်တွင် ကောင်းမြတ်အောင်၊ ၄၆ မိနစ်တွင် စောဘီဘယ်က သွင်းယူခဲ့သည်။

ပွဲစဉ် (၂၅) ဒုတိယနေ့ကို အောက်တိုဘာ ၁၆ ရက်တွင်  ဆက်လက်ကျင်းပမည်ဖြစ်ပြီး သန်လျင်သီဟဒီပကွင်း၌  ဒဂုံစတားယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်း၊ YUSC ကွင်း၌ အား/ကာ သိပ္ပံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်း၊ ဗဟန်းမြက်ခင်းတုကွင်း၌ မဟာယူနိုက်တက်အသင်းနှင့် Dagon Port အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MNL