ရန်ကုန် ဩဂုတ် ၁၄

၂၀၂၅ MNL ယူ-၂၁ လူငယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁၅) တတိယနေ့နှင့် စတုတ္ထနေ့ကို ဩဂုတ် ၁၃၊ ၁၄ ရက်က ဆက်လက်ကျင်းပရာ ထိပ်ဆုံးမှ အား/ကာသိပ္ပံအသင်း အမှတ်ပြည့်ရယူနိုင်ခဲ့ပြီး ဒဂုံစတား ယူနိုက်တက်အသင်း ဒုတိယနေရာတက်လှမ်းနိုင်ခဲ့သည်။

ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက Dagon Port အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ ချန်ပီယံဆုအတွက် အမှားမခံတော့သည့်အချိန်တွင် အား/ကာသိပ္ပံအသင်း အမှတ်ပြည့်ရယူခဲ့ပြီး ဒုတိယပိုင်းအစတွင် သွင်းယူသည့်ဂိုးဖြင့် အနိုင်ရခဲ့သည်။ အား/ကာသိပ္ပံအသင်းအတွက် အနိုင်ဂိုးကို ၄၇ မိနစ်တွင် စောအောင်မျိုးဦးက  သွင်းယူ သည်။

၁၅ ပွဲစီကစားအပြီးတွင် အား/ကာ သိပ္ပံအသင်းက ၃၅ မှတ်၊ Dagon Port အသင်းက တစ်မှတ်ရရှိထားသည်။ ဗဟန်းမြက်ခင်းတုကွင်း၌ကျင်းပသည့်ပွဲတွင် ဟံသာဝတီယူနိုက်တက် အသင်းနှင့် Falcon အသင်းတို့ ဂိုးမရှိသရေကျခဲ့သည်။ ၁၅ ပွဲစီကစားအပြီးတွင် Falcon အသင်းက ၂၂ မှတ်၊ ဟံသာဝတီယူနိုက်တက်အသင်းက ၁၇ မှတ် ရရှိထားသည်။

ဩဂုတ်  ၁၄ ရက်က ပဒုမ္မာကွင်း၌ ကျင်းပသည့်ပွဲတွင် ဒဂုံစတားယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို သုံးဂိုးပြတ် အနိုင်ရခဲ့သည်။ ချန်ပီယံမျှော်လင့်ချက်အတွက် ဒဂုံစတား  ယူနိုက်တက်အသင်း ဂိုးပြတ်နိုင်ပွဲရယူခဲ့ပြီး  ယခုနိုင်ပွဲကြောင့် ဒုတိယနေရာ ရောက်လာသည်။    ဒဂုံစတားယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၁၆၊ ၁၉ မိနစ်တွင် ဖိုးသောကြာ၊ ၄၉ မိနစ်တွင် မျိုးသီဟထွန်းတို့က သွင်းယူခဲ့သည်။ ၁၅ ပွဲစီကစားအပြီးတွင် ဒဂုံစတားယူနိုက်တက်အသင်းက ၃၃ မှတ်၊ ရခိုင်ယူနိုက်တက်အသင်းက ကိုးမှတ်ရရှိထားသည်။

ပွဲစဉ် (၁၅) နောက်ဆုံးနေ့ကို ဩဂုတ် ၁၅ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး  ပဒုမ္မာကွင်း၌   ဧရာဝတီ   ယူနိုက်တက်အသင်းနှင့်  သစ္စာအားမာန်အသင်းတို့    ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ချစ်ကိုကို

ဓာတ်ပုံ-MNLA