ရန်ကုန် စက်တင်ဘာ ၈
၂၀၂၅ MNL ယူ-၂၁ လူငယ်လိဂ် ပြိုင်ပွဲ ပွဲစဉ် (၁၉) ပထမနေ့ကို စက်တင်ဘာ ၈ ရက်က ဆက်လက်ကျင်းပရာ သစ္စာအားမာန်အသင်း နှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ အနိုင်ရရှိသည်။
သန်လျင်သီဟဒီပကွင်း၌ ကျင်းပသည့်ပွဲတွင် သစ္စာအားမာန်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် တစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်သော်လည်း အနိုင်ရလဒ်မထိန်းနိုင်ဘဲ ဒုတိယပိုင်းတွင် ဂိုးများပြန်ပေးရကာ အရေးနိမ့် ခဲ့ခြင်းဖြစ်သည်။ သစ္စာအားမာန်အသင်းသည် နောက်မှလိုက်ကစားကာ ဒုတိယပိုင်းတွင် သုံးဂိုးသွင်းယူကာ အနိုင်ရခဲ့ခြင်းဖြစ်သည်။ သစ္စာအားမာန်အသင်းအတွက် ဂိုးများကို ၄၈၊ ၈၀ မိနစ်တွင် သူရအောင်၊ ၆၆ မိနစ်တွင် ပင်နယ်တီမှတစ်ဆင့် အိုကေချစ်တို့က သွင်းယူပြီး ရခိုင်ယူနိုက်တက် အသင်းအတွက် ဦးဆောင်ဂိုးကို ၂၅ မိနစ်တွင် သော်ဇင်နိုင်က သွင်းယူသည်။
ဗဟန်းမြက်ခင်းတုကွင်း၌ ကျင်းပသည့်ပွဲတွင် ဧရာဝတီယူနိုက်တက်အသင်းက ရတနာပုံအသင်းကို သုံးဂိုးပြတ်အနိုင်ရခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်းအတွက် အနိုင်ဂိုးများကို ၁၈ မိနစ်တွင် ဇွဲနိုင်ဝင်း၊ ၃၆ မိနစ်တွင် ဝိုင်းထက်ပိုင်၊ ၈၃ မိနစ်တွင် ကျော်မင်းခန့်တို့က သွင်းယူသည်။
ပွဲစဉ် (၁၉) ဒုတိယနေ့ကို စက်တင်ဘာ ၉ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဗဟန်းမြက်ခင်းတုကွင်း၌ ရှမ်းယူနိုက်တက်အသင်းနှင့် Falcon အသင်း၊ YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့် Dagon Port အသင်း၊ ပဒုမ္မာကွင်း၌ ဒဂုံစတားယူနိုက်တက်အသင်းနှင့် မဟာယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
သတင်း - မောင်စံကြီး
ဓာတ်ပုံ - MNL


