ရန်ကုန် အောက်တိုဘာ ၁၀
ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်ဝင်းအတွင်းရှိ ရန်ကုန်ကွန်ဗင်းရှင်း စင်တာပြပွဲခန်းမ၌ မြန်မာ - ဗီယက်နမ် ကုန်စည်ပြပွဲ ၂၀၂၅ ကို အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပမည်ဖြစ်သည်။
အဆိုပါပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရန်ကုန်ကွန်ဗင်းရှင်းစင်တာ ပြပွဲခန်းမ၌ ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဗီယက်နမ်သံရုံးမှ စီးပွားရေးသံမှူးနှင့် တာဝန်ရှိသူများ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ပြပွဲတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကုန်ပစ္စည်းများကို ပြခန်းပေါင်း ၁၂၀ ခန့်ဖြင့် ကုန်ပစ္စည်း အမှတ်တံဆိပ်ပေါင်း ၁၀၀ ကျော်ကို ပြသခဲ့ကြေင်းသိရသည်။ ယခုနှစ်တွင် ခရီးသွားလုပ်ငန်းနှင့် ခရီးသွား ဝန်ဆောင်မှုကဏ္ဍကိုပါ တိုးချဲ့ပြသထားပြီး Travel Vietnam Pavilion (ဧရိယာ ၇၂ စတုရန်း မီတာ) တွင် မြန်မာနှင့် ဗီယက်နမ်မှ ခရီးသွားကုမ္ပဏီကြီးရှစ်ခုမှ ခရီးသွားအစီအစဉ်များ၊ လေယာဉ်လက်မှတ်များနှင့် ခရီးသွား ဝန်ဆောင်မှုများကို ပြသထားသည်။ မြန်မာ - ဗီယက်နမ် ကုန်စည်ပြပွဲတွင် စားသောက်ကုန်၊ လူသုံးကုန်၊ စက်မှုနှင့် အိမ်သုံးမီးအားမြှင့်စက်များ၊ ကြွေထည်နှင့် မီးဖိုချောင်သုံးပစ္စည်းအမျိုးမျိုး၊ ဖိနပ်၊ အိုင်တီ နည်းပညာများ၊ ဆိုလာ၊ အင်ဗာတာ၊ ဘက်ထရီ၊ ကော်ဖီ၊ ဖက်ရှင်အဝတ်အစားများ၊ လယ်ယာထွက်ကုန် ပစ္စည်များနှင့် လက်မှုအနုပညာပစ္စည်းများကို ပြသခဲ့သည်။
အဆိုပါပြပွဲကို မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံး စီးပွားရေးဌာနတို့မှ ပူးပေါင်းကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မျိုးမင်းသူရ


