မန္တလေး ၂၇ ဖေဖော်ဝါရီ
မြန်မာ၊ ထိုင်း နှစ်နိုင်ငံခရီးသွားကဏ္ဍ အောင်မြင်ရေးအတွက် ထိုင်းခရီးသွား လုပ်ငန်းရှင်များနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်ငန်းတွင် ပါဝင်ပတ်သက်သူများ ပါဝင်တဲ့ ဆွေးနွေးပွဲကို အခုလ ၂၆ ရက်က ကျင်းပပြုလုပ်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်) ရုံးမှ သိရသည်။
မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ ခရီးသွားကဏ္ဍ အောင်မြင်ရေးအတွက် MICE (Tourism တွင်ပါဝင်သည့် Meetings ၊ Incentives ၊ Conferences၊ Exhibitions) ဆိုသည့် အပိုင်းလေးပိုင်းထဲမှ နှစ်ရပ်ဖြစ်သည့် Meetings and Incentives အပိုင်းနှစ်ပိုင်းအား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်ငန်းတွင် ပါဝင်ပတ်သတ်သူများ၊ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းရှင်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲကို မန္တလေးမြို့ Helton Hotel တွင် ကျင်းပပြုလုပ်ပြီး TCEB – Thailand Convention & Exhibition မှ ဦးဆောင်ကျင်းပခြင်းဖြစ်သည်။ "နှစ်နိုင်ငံ ခရီးသွား ဖွံ့ဖြိုးဖို့အတွက် Business Exchange လုပ်တဲ့ သဘောပါ''ဟု ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည်) လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
နှစ်နိုင်ငံခရီးသွားကဏ္ဍ အောင်မြင်ရေးအတွက် အဆင်ပြေချောမွေ့စွာ လုပ်ဆောင်စေရေးဆွေးနွေးခြင်း၊ နှစ်နိုင်ငံခရီးသွားလုပ်ငန်းအတွက် အရေးကြီးသော အကြောင်းအရာများ၊ ပူးပေါင်းလုပ်ဆောင်နိုင်ရန် ဆွေးနွေးခြင်း၊ လက်ရှိနှင့် အနာဂတ်တွင် ဖြစ်ပေါ်နိုင်သော ကိစ္စရပ်များအား အဖြေရှာခြင်း၊ နှစ်နိုင်ငံခရီးသွား ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအား ပြသနိုင်ရေးအတွက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာန၊ မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်အတူ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
အိမို့မို့ခိုင်


