မင်းဘူး ၂၈ ဖေဖော်ဝါရီ
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်အတွင်း မြန်မာ-တရုတ် အရှေ့တော်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း လုပ်ငန်းဆောင်ရွက်ရာတွင် နစ်နာခဲ့သည် တောင်သူများလက်ဝယ်သို့ မြေယာနှင့် သီးနှံနစ်နာကြေးငွေများ ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁၀ နာရီက မင်းဘူးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
သဘာဝဘေးဒဏ်ကြောင့် မန်းချောင်းရေတိုက်စားသွားသဖြင့် ၂၀၁၈ ခုနှစ် သြဂုတ် ၈ ရက်တွင် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ပြန်လည်ပြုပြင်ခဲ့ရာ ရေကြောင်းလွှဲပြောင်း ဖောက်လုပ်မှုအတွက် အမြဲသုံးမြေဧရိယာအဖြစ် ပါဝင်သွားသော တောင်သူ ၁၆ ဦး၏ မြေဧရိယာ (၁၇.၆၀) ဧကအတွက် သီးနှံနစ်နာကြေးနှင့် မြေယာလျော်ကြေး စုစုပေါင်းငွေကျပ် ၄၉၁၈၂၀ဝ၀ အား သက်ဆိုင်ရာတောင်သူများထံ ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အခမ်းအနားတွင် မင်းဘူး(စကု) မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အဖွင့်အမှာစကား ပြောကြားပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေမှ သီးနှံလျော်ကြေးငွေ ပေးအပ်ခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားသည်။ ဆက်လက်၍ မြန်မာ-တရုတ် အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း တာဝန်ရှိသူတစ်ဦးမှ မြေယာနှင့် သီးနှံလျော်ကြေးငွေ ပေးအပ်ရခြင်းအပေါ် ချပြရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မင်းဘူး(စကု) မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်ကံ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက မြန်မာ-တရုတ် အရှေ့တောင်အာရှ သဘာဝဓာတ်ငွေ့ လုပ်ငန်းပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းဆောင်ရွက်ရာတွင် နစ်နာခဲ့သော တောင်သူများအား မြေယာနှင့် သီးနှံလျော်ကြေးငွေများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)


