ရန်ကုန် အောက်တိုဘာ ၁၇

 

၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုး သမီးခြေစစ်ပွဲ အုပ်စု (C) နောက်ဆုံးနေ့ကို အောက်တိုဘာ ၁၇ ရက်က သုဝဏ္ဏကွင်း၌ ဆက်လက်ကျင်းပရာ မြန်မာအသင်းက အင်ဒိုနီးရှားအသင်းကို တစ်ဂိုး - ဂိုးမရှိဖြင့် အနိုင်ယူပြီး အာရှဖလား ခြေစစ်ပွဲအောင်မြင်ခဲ့သည်။

 

မြန်မာအသင်းသည် အင်ဒို နီးရှားကို သရေကစားနိုင်ရုံဖြင့် ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သော်လည်း နိုင်ပွဲရယူကာ နှစ်ပွဲဆက်အနိုင်ရလဒ်ဖြင့် အာရှဖလားခြေစစ်ပွဲအောင်မြင်ခဲ့သည်။ မြန်မာ ယူ-၁၇ အမျိုး သမီးအသင်းသည် ယခုနှစ်အတွင်းယှဉ်ပြိုင်သည့် အာရှဖလားခြေစစ်ပွဲများတွင် မြန်မာအသင်းများ ရလဒ်ဆိုးရွားနေမှုကို အဆုံးသတ်ပြီး ပထမဆုံးခြေစစ်ပွဲအောင်မြင်သည့် အသင်းအဖြစ် မှတ်တမ်း ဝင်ခဲ့သည်။ မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းသည် ၂၀၀၉ ခုနှစ်နောက်ပိုင်း အာရှဖလား ခြေစစ်ပွဲ ပြန်လည်အောင်မြင်ခဲ့ခြင်းဖြစ်သည်။

 

အုပ်စု (C) ပွဲစဉ်များအပြီးတွင် မြန်မာအသင်းက နှစ်ပွဲနိုင် ခြောက်မှတ်ဖြင့် အုပ်စုပထမရရှိကာ ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး သုံးမှတ်ရရှိသည့်အင်ဒိုနီးရှားအသင်းနှင့် နှစ်ပွဲစလုံးအရေးနိမ့်သည့် မကာအို အသင်းတို့ ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်းမရှိပေ။ မြန်မာအသင်းသည် ခြေစစ်ပွဲတွင် မကာအိုအသင်းကို ခုနစ်ဂိုးပြတ်၊ အင်ဒိုနီးရှားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။  

 

ရဲရင့်လွင်၊ ဓာတ်ပုံ-MFF