မြန်မာ ယူ-၁၉ အသင်းနှင့် တိုင်းဒေသကြီး/ပြည်နယ် ယူ-၁၉ အသင်း ဒုတိယခြေစမ်းပွဲ ပြုလုပ်မည်

၂၀၂၃ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ ယူ-၁၉ အသင်းနှင့် ကျင်းပပြီးစီးခဲ့သည့် ၂၀၂၂ တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ ဘောလုံးပြိုင်ပွဲမှ ခြေစွမ်းပြနိုင်သည့်ကစားသမားများဖြင့် ဖွဲ့စည်းထားသည့် တိုင်းဒေသကြီး/ပြည်နယ် ယူ-၁၉ အသင်းတို့၏ ဒုတိယခြေစမ်းပွဲကို သြဂုတ် ၃၁ ရက် (ယနေ့) ညနေ ၃ နာရီခွဲတွင် သုဝဏ္ဏဘောလုံးကွင်း၌ ပြုလုပ်သွားမည်ဖြစ်သည်။

ပထမခြေစမ်းပွဲကို သြဂုတ် ၂၉ ရက်က သုဝဏ္ဏကွင်း၌ ကျင်းပရာ မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်းသည် ခြေစစ်ပွဲအတွက် အပြီးသတ်ပြင်ဆင်မှုများ ပြုလုပ်ရန် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ရလဒ်ပိုင်းထက် ကစားသမားများ၏ ခြေစွမ်းနှင့် ကစားကွက်ကို အဓိကစမ်းသပ်ခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းသည် ခြေစွမ်းအသာဖြင့် ကစားနိုင်သော်လည်း အခွင့်အရေးများ အသုံးမချနိုင်သဖြင့် ဒုတိယပိုင်းသွင်းဂိုးများဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ လက်ရွေးစင်အသင်းသည် လမင်းထွေး၊ ဇော်ဝင်းသိန်း၊ ထွန်းထွန်းသိန်း၊ ရဲရင့်ဖြိုး၊ ဥက္ကာနိုင်၊ သိန်းဇော်သီဟ စသည့် အမာခံကစားသမားများဖြင့် ပွဲထွက်ခဲ့သည်။ မြန်မာ ယူ-၁၉ အသင်းအတွက် အနိုင်ဂိုးများကို လူစားဝင်ကစားသမား ချစ်အေးက ဒုတိယပိုင်းတွင် သွင်းယူခဲ့သည်။ အာရှဖလား ယူ-၂၀ ခြေစစ်ပွဲယှဉ်ပြိုင်မည့်  မြန်မာ ယူ-၁၉ အသင်းကို ပဏာမကစားသမား ၃၅ ဦးဖြင့် ဖွဲ့စည်းထားပြီး နည်းပြချုပ်အဖြစ် ဦးစိုးမြတ်မင်း၊ လက်ထောက် နည်းပြများအဖြစ် ဦးမင်းမင်းထွန်းနှင့် ဦးစထက်နိုင်ဝင်း၊ ဂိုးနည်းပြအဖြစ် ဦးစိန်အေးတို့က တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ အမျိုးသား ဘောလုံးအသင်းကို ကစားသမား ၂၉ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၂၂ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သော ကရင်ပြည်နယ်အသင်းနည်းပြ ဦးသိန်းဇံနှင့် ဒုတိယရရှိခဲ့သော မွန်ပြည်နယ်အသင်းနည်းပြ ဦးမင်းသူ၊ ဂိုးနည်းပြအဖြစ် ကရင်ပြည်နယ်အသင်းမှ ဦးသူရနိုင်တို့က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်သည်။


တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၉ ပြိုင်ပွဲတွင် ခြေစွမ်းပြသသည့် အသက် ၁၉ နှစ်အောက် ကစားသမားများအနေဖြင့် မြန်မာနေရှင်နယ်လိဂ် ကလပ်များတွင် ပါဝင်ကစားနိုင်မည့် အခွင့်အရေး ရရှိစေရေး၊ သက်တမ်းအလိုက် မြန်မာ့လက်ရွေးစင် အသင်းများ (အထူးသဖြင့် ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် ယူ-၂၂ အသင်း) အတွက် ကစားသမား ရွေးချယ်ရာတွင် အထောက်အကူ ဖြစ်စေရေး စသည့် ရည်ရွယ်ချက်များဖြင့် ယခုခြေစမ်းပွဲကို စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

သတင်း-ကိုညီလေး
ဓာတ်ပုံ-MFF