နေပြည်တော်  စက်တင်ဘာ ၂၈

(၃၃)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၃ အသင်းသည် အောက်တိုဘာလအတွင်း ဂျပန်နိုင်ငံသို့ လေ့ကျင့်ရေးခရီးစဉ် သွားရောက်မည်ဖြစ်သည်။

မြန်မာ ယူ-၂၃ အသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် နောက်ဆုံးပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံ၌ ၁၀  ရက်ဝန်းကျင် သွားရောက်လေ့ကျင့်မည်ဖြစ်ပြီး ဂျပန်ကလပ်အသင်းများနှင့် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် ယခုနှစ်အတွင်း ယှဉ်ပြိုင်ရမည့် နိုင်ငံတကာပြိုင်ပွဲများအတွက် ကာလရှည်လေ့ကျင့်ပြင်ဆင်ခဲ့ပြီး ဂျပန်နိုင်ငံသား နည်းပြ ကူရိုဆာကီကို တာဝန်ပေးခန့်အပ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် ယခုနှစ်အတွင်း အာဆီယံ ယူ-၂၃ ချန်ပီယံရှစ်ပြိုင်ပွဲနှင့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတို့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း  ရလဒ်မကောင်းခဲ့ဘဲ  နောက်ဆုံးပြိုင်ပွဲအဖြစ်  ဒီဇင်ဘာလအတွင်းကျင်းပမည့် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲတွင် အာရှထိပ်သီး ဂျပန်အသင်းနှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး ပွဲပြီးခါနီးတွင် ပေးလိုက်ရသည့် ပင်နယ်တီဂိုးဖြင့် နှစ်ဂိုး-တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့သည်။

မြန်မာ ယူ-၂၃ အသင်းသည် အာဆီယံ ယူ-၂၃ ပြိုင်ပွဲနှင့် အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမားများကို အခြေခံကာ ပဏာမကစားသမားများ ရွေးချယ်ထားပြီး ဒဏ်ရာရနေသည့် အဓိကကွင်းလယ်ကစားသမား ဇော်ဝင်းသိန်းလည်း အသင်းနှင့် ပြန်လည်ပူးပေါင်းနေပြီဖြစ်သည်။                                                          

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-စိုးညွန့်သော်