နေပြည်တော် ဒီဇင်ဘာ ၈

 

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ပွဲစဉ်တွင် မြန်မာအသင်းအတွက် ဒုတိယပွဲစဉ် အဖြစ် မြန်မာအမျိုးသမီးဘောလုံးအသင်းနှင့် မလေးရှားအမျိုးသမီးဘောလုံး အသင်းတို့သည် ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ချောင်ဘူရီမြို့ရှိ TNSU Chonburi Stadium (Chonburi)၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ မြန်မာအမျိုးသမီးဘောလုံးအသင်းက မလေးရှား အမျိုးသမီး ဘောလုံးအသင်းကို သုံးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

 

အဆိုပါ အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ထိုင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ သံအမတ်ကြီး ဦးဇော်ဇော်စိုး၊ စစ်သံမှူး ဗိုလ်မှူးချုပ် ဝင်းသူလင်း၊ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ ရန်ကုန် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး၊ မြန်မာအားကစားအဖွဲ့ခေါင်းဆောင်နှင့် အုပ်ချုပ်မှုအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အမျိုးသမီးအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအပါအဝင် အားကစားဝါသနာရှင် ပရိသတ်အင်အား ၃၁၆၆ ဦးခန့် တစ်ခဲနက် ကြည့်ရှုအားပေးကြသည်။

 

ပွဲစဉ်ပထမပိုင်း ၄၅ မိနစ်တွင် ဦးဆောင်ဂိုးရရှိရေးအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပြီး ၂၆ မိနစ် ၃၉ စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် (၈) စန်းသော်သော်က ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ၃၅ မိနစ် ၂၉ စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် (၁၃) တိုက်စစ်မှူး မေထက်လူက ဒုတိယဂိုးထပ်မံ သွင်းယူခဲ့ရာ မလေးရှားအသင်းက ချေပဂိုးပြန်လည်ရရှိရေးနှင့် မြန်မာအသင်းက အနိုင်ဂိုးများ ထပ်မံသွင်းယူနိုင်ရေးတို့အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစား၍ ပထမပိုင်း ၄၅ မိနစ်အပြီး အချိန်ပို ငါးမိနစ်အထိ ဆက်လက် ယှဉ်ပြိုင်ကစားခဲ့သည်။

 

mdn

 

ဆက်လက်၍ ဒုတိယပိုင်း ၄၅ မိနစ်ကို ယှဉ်ပြိုင်ကစားကြရာ ၆၅ မိနစ် ၄ စက္ကန့်တွင် မြန်မာအသင်းမှ ကျောနံပါတ် (၇) ဝင်းသိင်္ဂီထွန်း က မြန်မာအသင်းအတွက် တတိယမြောက်အနိုင်ဂိုးကို ထပ်မံ သွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာအသင်းက မလေးရှားအသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် ယှဉ်ပြိုင် အနိုင်ရရှိခဲ့သည်။

 

မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု (ခ) တွင် ဖိလစ်ပိုင်၊ မလေးရှားနှင့် ဗီယက်နမ်အသင်းတို့နှင့် အုပ်စုအတူကျရောက်ပြီး မြန်မာအသင်းအနေဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ဖိလစ်ပိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့ရာ နှစ်ဂိုး-တစ်ဂိုး ဖြင့်လည်းကောင်း၊ ဒီဇင်ဘာ ၈ ရက်တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားမှုတွင် သုံးဂိုးပြတ်ဖြင့်လည်းကောင်း အသီးသီးအနိုင် ရရှိခဲ့ပြီး ဒီဇင်ဘာ ၁၁ ရက်တွင် မြန်မာအသင်း၏ တတိယပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင် ကစားရမည်ဖြစ်ကြောင်း သရသည်။

 

သတင်းစဉ်