ရန်ကုန် စက်တင်ဘာ ၁၈
၂၀၂၅-၂၀၂၆ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၇) တတိယနေ့ကို စက်တင်ဘာ ၁၈ ရက်က ပဒုမ္မာကွင်း၌ ဆက်လက်ကျင်းပရာ ဧရာဝတီအသင်းက Young Lionesses အသင်းကို လေးဂိုးပြတ်အနိုင်ရခဲ့သည်။
ဧရာဝတီအသင်းသည် တိုက်စစ်မှူး စန်းသော်သော်၏ ဟက်ထရစ်၊ ကွင်းလယ်ကစားသမား ဖြူဖြူဝင်း၏ ဂိုးဖြင့် ဂိုးပြတ်အနိုင်ရခဲ့ပြီး တတိယနေရာတွင် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။
ဧရာဝတီအသင်းသည် ယခုနိုင်ပွဲကြောင့် ရာသီဝက်ချန်ပီယံဆုအတွက် အပြိုင်ဖြစ်လာပြီး ထိပ်ဆုံးမှ သစ္စာအားမာန်အသင်းနှင့် ပွဲတူနှစ်မှတ်အကွာဖြင့် ဖိအားပေးလျက်ရှိသည်။
ဧရာဝတီအသင်းသည် ပထမပိုင်းမှာပင် တိုက်စစ်မှူး စန်းသော်သော်၏ ဟက်ထရစ်ဖြင့် ဦးဆောင်နိုင်ခဲ့ပြီး ၃၊ ၂၆၊ ၃၁ မိနစ်တွင် သွင်းယူ ခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းတွင် ဂိုးပြတ်အနိုင်ရနေသည့် ဧရာဝတီအသင်းသည် ဒုတိယပိုင်းတွင် ပွဲကိုထိန်းကစားခဲ့ပြီး ၇၅ မိနစ်တွင် ကွင်းလယ်ကစားသမား ဖြူဖြူဝင်းက စတုတ္ထအနိုင်ဂိုး သွင်းယူခဲ့သည်။ ယခုပွဲအပြီးတွင် ဧရာဝတီအသင်းက ခြောက်ပွဲကစား ၁၄ မှတ်၊ Young Lionesses အသင်းက ခြောက်ပွဲကစား ခြောက်မှတ်ရရှိထားသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MWL


