ရန်ကုန်    စက်တင်ဘာ   ၁၇

၂၀၂၅-၂၀၂၆ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ်(၇) ဒုတိယနေ့ကို စက်တင်ဘာ ၁၇ ရက်က ပဒုမ္မာကွင်း၌ ဆက်လက်ကျင်းပရာ ရန်ကုန်ယူနိုက်တက်အသင်းက YREO အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဇယားထိပ်ပိုင်းတွင် ရပ်တည်နေသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ဂိုးပြတ်နိုင်ပွဲရယူပြီး ထိပ်ဆုံးမှ သစ္စာအားမာန်အသင်းကို တစ်ပွဲပို ရမှတ်တူဖြင့် ဖိအားပေးနိုင်ခဲ့သည်။ YREO အသင်းသည် ငါးပွဲမြောက်ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရပြီး ယခုပွဲတွင် ဂိုးပြတ်ရှုံးပွဲနှင့် ကြုံတွေ့ခဲ့ရသည်။

ရန်ကုန်ယူနိုက်တက်အသင်းသည် ဖြူဖွေး၊ ဒေစီအောင်၊ ယွန်းဝတီလှိုင်၊ ဇင်မိုးပြည့်၊ ဆွေမာအောင် တို့ဖြင့် လူစုံခဲ့သလို YREO အသင်းကလည်း  အမာခံကစားသမား   အများစုဖြင့်  ပွဲထွက်ခဲ့သည်။ ကစားသမားအင်အားအသာရသည့် ရန်ကုန်ယူနိုက်တက်အသင်းသည် ပွဲစကတည်းက ဖိကစားနိုင်ခဲ့ပြီး ပွဲအစသုံးမိနစ်မှာပင် ယွန်းဝတီလှိုင်က အဖွင့်ဂိုးသွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် ရန်ကုန်ယူနိုက်တက်အသင်းက ဆက်တိုက်ဖိကစားခဲ့ပြီး ၁၃၊ ၄၀ မိနစ်တွင် ဇင်မိုးပြည့်က နှစ်ဂိုး ထပ်သွင်းကာ ပထမပိုင်းအပြီးတွင်  သုံးဂိုးပြတ်ဦးဆောင်နေသည်။ ၈၂ မိနစ်တွင် အိသက်ဖြိုးက  YREO အသင်းအတွက် ချေပဂိုးတစ်ဂိုးပြန်သွင်းသဖြင့် ပွဲမှာ အပြန်အလှန်ရှိလာသော်လည်း ပွဲပြီးခါနီးတွင် ဇင်မိုးပြည့်က ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းပြီး ရန်ကုန်ယူနိုက်တက်အသင်းအတွက် စတုတ္ထဂိုးနှင့် သူ့အတွက် သုံးဂိုးမြောက် ဟက်ထရစ်ဂိုးသွင်းယူခဲ့သည်။ 

ယခုပွဲအပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက ခုနစ်ပွဲကစား ၁၆ မှတ်၊ YREOအသင်းက ခြောက်ပွဲကစား သုံးမှတ်ရရှိထားသည်။

ပွဲစဉ်(၇)  တတိယနေ့ကို   စက်တင်ဘာ ၁၈ ရက်  မွန်းလွဲ ၃ နာရီခွဲတွင်    ပဒုမ္မာကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ဧရာဝတီအသင်းနှင့် Young Lionesses အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ- YUFC