ရန်ကုန်  အောက်တိုဘာ  ၁၂

မြန်မာ ယူ-၁၇ အမျိုးသမီးလူငယ်လက်ရွေးစင်အသင်း ပါဝင်နေသည့် ၂၀၂၆ အာရှဖလား ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ  အုပ်စု (C) ပွဲကြိုသတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၁၂ ရက်က သုဝဏ္ဏ ဘောလုံးကွင်း   သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပရာ မြန်မာ၊ အင်ဒိုနီးရှားနှင့် မကာအိုအသင်း တို့မှ နည်းပြချုပ်များ တက်ရောက်ကြသည်။

မြန်မာ ယူ-၁၇ အမျိုးသမီးအသင်းနည်းပြချုပ် တာရှီယိုက “ အိမ်ရှင်အဖြစ် လက်ခံကစားရမှာဖြစ်လို့ ကျေနပ်ပျော်ရွှင်မိပါတယ်။ ကစားသမားတွေကိုလည်း ပြင်းပြင်းထန်ထန်ကြိုးစားဖို့နဲ့ရည်မှန်းချက် ကိုယ်ဆီထားဖို့ ပြောထားပါတယ်။ ဖိအားရှိပေမယ့် ခြေစစ်ပွဲအောင်ဖို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ကိုင်တွယ်ခဲ့တဲ့ သုံးလတာကာလအတွင်း ကစားသမားတွေရဲ့ ခြေစွမ်း၊ နည်းစနစ်ပိုင်း တိုးတက်လာဖို့ ပြုလုပ်ခဲ့ပါတယ်။ ကွင်းတွင်းသာမက ကွင်းပြင်ပမှာလည်း အရာရာကို ဆုံးဖြတ်နိုင်စွမ်းရှိအောင်  သင်ကြားပေးခဲ့ပါတယ်။ အောင်မြင်မှုရဖို့ ပြင်းပြင်းထန်ထန် ကြိုးစားသွားမှာဖြစ်ပါတယ်” ဟု  ပြောကြားသည်။ အင်ဒိုနီးရှား ယူ-၁၇ အမျိုးသမီးအသင်း နည်းပြချုပ် တီမိုက “ ကျွန်တော်က အင်ဒိုနဲ့ ဂျာမန်စပ်ထားသူပါ။ ငယ်ဘဝကို အင်ဒိုနီးရှားမှာ ကြီးပြင်းခဲ့တာဖြစ်ပြီး တက္ကသိုလ်ပညာကို အမေရိကန်မှာ သွားတက်ခဲ့တာပါ။ ကစားသမားတွေကို အချိန်ပေးရွေးခဲ့တာ ဖြစ်ပါတယ်။ တစ်တိုင်းပြည်လုံးအတိုင်းအတာနဲ့ ဖြန့်ကြက်ရွေးချယ်ခဲ့တာပါ။ ကျွန်တော့်ကစားသမားတွေကို ပွဲများများ ကစားခွင့်ရဖို့ မျှော်လင့်ထားခဲ့ပေမယ့် မွန်ဂိုလီးယားအသင်းက နုတ်ထွက်သွားတာကြောင့် စိတ်ပျက်ခဲ့ရပါတယ်။ ခြေစစ်ပွဲအောင်ဖို့ထက် အမျိုးသမီးတွေ ဘောလုံးကို ကောင်းကောင်းကစားနိုင်ဖို့၊ ခြေစွမ်းတိုးတက်လာဖို့ ပိုအလိုရှိပါတယ်”ဟု ပြောကြားခဲ့သည်။ မကာအိုအသင်း နည်းပြချုပ် ချန်ယန်က “အသင်းက ကစားသမားအများစုက  ကျောင်းသားတွေဖြစ်ကြပြီး အပျော်တမ်းကစားနေကြသူတွေပါ။ လူရွေးချယ်ရာမှာ အခက်အခဲတွေရှိခဲ့ပါတယ်။ အချို့ကစားသမားတွေဆိုရင် ဖူဆယ်ကစားနေသူတွေပါ။ ကစားသမားအများစုက သင်ယူရဦးမှာဖြစ်လို့  စိန်ခေါ်မှုတွေ အများကြီးရင်ဆိုင်ရမှာဖြစ်ပါတယ်။ အနိုင်ရဖို့ထက် ဘောလုံးကို ပျော်ရွှင်အောင် ဘယ်လိုကစားရမလဲဆိုတာ သင်ယူဖို့ လာရောက်ယှဉ်ပြိုင်တာဖြစ်ပါတယ်” ဟု ပြောသည်။

ခြေစစ်ပွဲ အုပ်စု (C) တွင် မြန်မာ၊ အင်ဒိုနီးရှားနှင့် မကာအိုအသင်းတို့ ပါဝင်နေပြီး အောက်တိုဘာ ၁၃ ရက်   ညနေ ၃ နာရီခွဲတွင် ပဒေသာကွင်း၌ မကာအိုအသင်းနှင့် အင်ဒိုနီးရှားအသင်း၊ အောက်တိုဘာ ၁၅ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ မြန်မာအသင်းနှင့် မကာအိုအသင်း၊ အောက်တိုဘာ ၁၇ ရက် ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ မြန်မာအသင်းနှင့် အင်ဒိုနီးရှားအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-MFF