မြန်မာအသင်းယှဉ်ပြိုင်မည့် ၂၀၂၂ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စုပွဲစဉ် ထွက်ပေါ်

ဇူလိုင် ၁၉

မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ အုပ်စုပွဲစဉ်များ ထွက်ပေါ်လာပြီဖြစ်သည်။

ယင်းပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အရှေ့တောင်အာရှ ၁၁ နိုင်ငံအပြင် အာဆီယံဘောလုံးအဖွဲ့ချုပ် အဖွဲ့ဝင်နိုင်ငံဖြစ်သော သြစတြေးလျအသင်းလည်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် ပြိုင်ပွဲဝင် ၁၂ သင်းအထိရှိနေသဖြင့် လေးသင်း သုံးအုပ်စုခွဲ၍ ကျင်းပသွားမည်ဖြစ်သည်။ အုပ်စုခွဲဝေမှုအရ အုပ်စု (က) တွင် အိမ်ရှင်အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ အုပ်စု (ခ) တွင် ထိုင်း၊ တီမော၊ လာအို၊ ဘရူနိုင်း၊ အုပ်စု (ဂ) တွင် မလေးရှား၊ သြစတြေးလျ၊ မြန်မာနှင့် ကမ္ဘောဒီးယားအသင်းတို့ ပါဝင်နေသည်။ ပြိုင်ပွဲကျင်းပမည့်ပုံစံအရ အုပ်စုသုံးခုမှ ထိပ်ဆုံးသုံးသင်း၊ အုပ်စု (က) နှင့် (ဂ) မှ ဒုတိယနေရာရ နှစ်သင်းအနက် အကောင်းဆုံးအသင်းတို့မှာ ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် သြဂုတ် ၂ ရက်တွင် သြစတြေးလျအသင်း၊ သြဂုတ် ၅ ရက်တွင် မလေးရှားအသင်း၊ သြဂုတ် ၈ ရက်တွင် ကမ္ဘောဒီးယားအသင်းတို့နှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စုပွဲစဉ်များကို ဇူလိုင် ၃၁ ရက်မှ သြဂုတ် ၈ ရက်၊ ဆီမီးဖိုင်နယ်ပွဲစဉ်များကို သြဂုတ် ၁၀ ရက်၊ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲကို သြဂုတ် ၁၂ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၆ အသင်းကို နည်းပြချုပ်အဖြစ် ဦးအောင်ဇော်မျိုးက ကိုင်တွယ်နေပြီး မေလမှစတင်ကာ ပဏာမကစားသမား ၃၀ ဝန်းကျင်ဖြင့် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်သည်။

သတင်း-ကိုညီလေး