ရန်ကုန် နိုဝင်ဘာ ၄
မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်း ယှဉ်ပြိုင်မည့် ၂၀၂၆ အာရှဖလား ယူ-၁၇ ခြေစစ်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။
အာရှဖလား ယူ-၁၇ ခြေစစ်ပွဲကို အုပ်စုခုနစ်ခုခွဲ၍ ကျင်းပမည်ဖြစ်ပြီး မြန်မာအသင်းပါဝင်သော အုပ်စု(G) ပွဲစဉ်များကို နိုဝင်ဘာ ၂၂ ရက်မှ ၃၀ ရက်အထိ ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ကျင်းပမည် ဖြစ်သည်။ ခြေစစ်ပွဲကျင်းပမည့် ပုံစံအရ အုပ်စုတစ်ခုစီမှ ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင် မည်ဖြစ်သည်။ မြန်မာအသင်းသည် ခြေစစ်ပွဲတွင် အိုမန်၊ အာဖဂန်နစ္စတန်၊ ဆီးရီးယား၊ နီပေါအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး တစ်နေ့လျှင် နှစ်ပွဲနှုန်း ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် အုပ်စုပွဲများအဖြစ် နိုဝင်ဘာ ၂၂ ရက်တွင် အာဖဂန်နစ္စတန်အသင်း၊ နိုဝင်ဘာ ၂၄ ရက် တွင် နီပေါအသင်း၊ နိုဝင်ဘာ ၂၈ ရက်တွင် အိုမန်အသင်း၊ နိုဝင်ဘာ ၃၀ ရက်တွင် ဆီးရီးယားအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။
မြန်မာ ယူ-၁၇ လူငယ်လက်ရွေးစင်အသင်းကို နည်းပြချုပ်အဖြစ် ဦးကျော်ဇေယျက ကိုင်တွယ်နေပြီး ကစားသမားများ အတွေ့အကြုံရစေရန် ပြည်တွင်းလူငယ်လိဂ်ဖြစ်သော MNL ယူ-၂၁ လိဂ်ပြိုင်ပွဲတွင် Falcon အသင်းအမည်ဖြင့် ယှဉ်ပြိုင်ခဲ့သည်။ ထို့ပြင် နောက်ဆုံးပြင်ဆင်မှုအဖြစ် အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၂ ရက်အထိကျင်းပသော ထိုင်းဖိတ်ခေါ် ယူ-၁၇ ပြိုင်ပွဲယှဉ်ပြိုင်ရာ တတိယဆုရရှိခဲ့သည်။
ကိုညီလေး


