ရန်ကုန်   ဒီဇင်ဘာ   ၂၁

မြန်မာ့လက်ရွေးစင်အမျိုးသားဘောလုံးအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် အာဆီယံဒေသတွင်း အဆင့်မြင့်ဆုံးပြိုင်ပွဲဖြစ်သည့် ASEAN Hyundai Cup 2026 ပြိုင်ပွဲ အုပ်စုမဲခွဲပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။

၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပလာသည့် ASEAN Hyundai Cup 2026 ပြိုင်ပွဲသည် လာမည့်ပြိုင်ပွဲဖြစ်သည့် ၂၀၂၆ ပြိုင်ပွဲတွင် နှစ် ၃၀ ပြည့်မည်ဖြစ်ပြီး စပွန်ဆာအသစ်ဖြင့် ပထမဆုံး ကျင်းပမည်ဖြစ်သည်။ ယင်းပြိုင်ပွဲတွင် အရှေ့ တောင်အာရှ ၁၁ နိုင်ငံစလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အဆင့်သတ်မှတ် ချက်အနိမ့်ဆုံးဖြစ်သည့် ဘရူနိုင်းနှင့် တီမောအသင်းတို့မှာ ခြေစစ်ပွဲ Play-off ကစားရမည်ဖြစ်ပြီး ကျန်နိုင်ငံများဖြစ်သည့် လက်ရှိချန်ပီယံ ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှား၊  မလေးရှား၊   မြန်မာ၊   ဖိလစ်ပိုင်၊   စင်ကာပူ၊လာအိုနှင့် ကမ္ဘောဒီးယားအသင်းတို့မှာ နောက်ဆုံးအဆင့်မှ တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ပြိုင်ပွဲကို ယခင်ပုံစံအတိုင်း ငါးသင်း နှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ပြိုင်ပွဲဝင်အသင်းများမှာ အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ကစားရမည်ဖြစ်သည်။

အာဆီယံဘောလုံးအဖွဲ့ချုပ်သည် လာမည့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းများ၌ ကစားသမား အစုံအလင်ပါဝင်နိုင်ရန် ကျင်းပမည့်ရက် ပြောင်းလဲထားပြီး ၂၀၂၆ ခုနှစ် ဇူလိုင် ၂၄ ရက်မှ သြဂုတ် ၂၆ ရက်အထိ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် အောင်မြင်မှုကြီးကြီးမားမား မရသေးဘဲ ၂၀၀၄ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် နှစ်ကြိမ်သာ ဆီမီးဖိုင်နယ်တက်ရောက်နိုင်ခဲ့သည်။

ASEAN Hyundai Cup 2026 ပြိုင်ပွဲကို ယခင်က တိုက်ဂါးဖလားပြိုင်ပွဲ၊ အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲ၊ အာဆီယံဆူဇူကီးဖလားပြိုင်ပဲ၊    အာဆီယံ  မစ်ဆူဘီရှီဖလားပြိုင်ပွဲအမည်များဖြင့် ပြုလုပ်ခဲ့သည်။ ကျင်းပပြီးစီးခဲ့သည့် ပြိုင်ပွဲ ၁၅ ကြိမ်တွင်  ထိုင်းအသင်းက ခုနစ်ကြိမ်၊ စင်ကာပူအသင်းက လေးကြိမ်၊ ဗီယက်နမ်အသင်းက သုံးကြိမ်၊ မလေးရှားအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။                               

သတင်း-ကိုညီလေး၊ ဓာတ်ပုံ-AFF